Wednesday, 31 October 2018
" ဘုရားမရှိ​တော့ဘူး "
~~~~~~~~~~~~~
အခု​ခေတ်​​နောက်​ပိုင်းဗုဒ္ဓဘာသာဝင်​​တွေဖြစ်​ကြတဲ့
တစ်​ချို့လူငယ်​/လူရွယ်​က စလို့
လူကြီးပိုင်​​တွေအထိ
ရဟန်းသံဃာဘုန်းဘုန်းဆရာ​တော်​​တွေနဲ့
facebook​ပေါ်မှာပဲဖြစ်​ဖြစ်
အပြင်​ဘက်​မှာပဲဖြစ်​ဖြစ်
စကား​ပြောဆို​နေကြတဲ့​နေရာမှာ
အရမ်းရင်းနှီးမှု​ကြောင့်​လား
ဒါမှမဟုတ်
မရိုမ​သေလုပ်​တဲ့သ​ဘောလား
ဒါမှမဟုတ်
အကျင့်​ပါ​နေတာလား
ဒါမှမဟုတ်
မေ့​နေတာလားမသိဘူး
စကား​ပြောတဲ့​နေရာမှာ​ရော
စာ​ရေး​တဲ့​နေရာမှာပါ
 " ဘုရား " ဆိုတဲ့စကား​လုံး​လေး
ထည့်​​ပြောဖို့
ထည့်​​ရေးဖို့
မေ့​နေကြသလိုလိုနဲ့
ပျောက်​ကွယ်​စပြုလာပြီ ၊
ဥပမာ - ​ပြောပြရရင်
မင်္ဂလာပါဘုရား
ဟုတ်​တယ်​ဘုရား
မှန်​တယ်​ဘုရား
မှန်​ပါဘုရား
မိန့်​ပါဘုရား
ပြောပါဘုရား
နေ​ကောင်းပါတယ်​ဘုရား
အဆင်​​ပြေပါတယ်​ဘုရား
သတိရပါတယ်​ဘုရား
နေ​ကောင်းလားဘုရား
ကြွခဲ့ပါဘုရား
လာခဲ့ပါမယ်​ဘုရား စသည်​စသည်​​စကား​တွေမှာ
" ဘုရား "ဆိုတဲ့
ရို​သေ​လေးစားမှုအဖြစ်​အသုံးပြု​နေတဲ့
စကားလုံး​လေးမထည့်​ကြ​တော့ဘူး
မ​ပြောကြ​တော့ဘူး ၊
တစ်​ချို့ဆိုရင်
Facebook ​ပေါ်မှ
ရဟန်းသံဃာ အ​ကောင့်​မှန်းသိရက်​နဲ့
မရိုမ​သေ အပြုအမူနဲ့
Messenger
(သို့မဟုတ်​)
Chat box က​နေပြီး
" HI "
 " ဘာလုပ်​​နေလဲ "
" ​နေ​ကောင်းလား "
" အင်း "
" ဟုတ်​ "စသည်​ဖြင့်
ရေးသား​ပြောဆို​နေကြတာ​တောင်
အမြဲတမ်းလိုလို
တွေ့​နေရ
မြင်​​နေရပါတယ်​ ၊
ဒါဟာ
အတိတ်​နိမိတ်​ဖြစ်​​ကောက်​ယူသည်​ဖြစ်​​စေ
ရို​သေ​လေးစားမှုမရှိ​တော့သည်​ဖြစ်​​စေ
ဒီလို
အပြုအမူ​တွေဟာ
ကောင်း​တဲ့လက္ခဏာ​တော့မဟုတ်​ပါဘူး ၊
နောင်​လာမယ့်
အနာဂါတ်​မျိုးဆက်​သစ်​လူငယ်​​တွေအတွက်
အတုယူမမှားဖို့
ကိုယ်​ကိုယ်​တိုင်​ကစပြီး
သတိထားပြီး​ပြောဖို့
နေထိုင်​ဖို့
အရမ်းအ​ရေးကြီးပါတယ်​ ၊
ဗုဒ္ဓဘာသာဝင်​အဖြစ်​ခံယူထားတဲ့
လူ​တွေအများစုဟာ
ရဟန်းသံဃာဘုန်းဘုန်းဆရာ​တော်​များနဲ့
ကင်း​နေလို့မရသလို
မ​ပြောဘဲမဆိုဘဲလည်း​နေလို့မရပါဘူး ၊
အကယ်​၍
မိဘဆိုရင်​လည်း
ကိုယ့်​သားသမီးကို
အတုယူမမှားဖို့
သတိထားပြီး​ပြောဖို့
သင်​​ပေးဖို့
အရမ်းအ​ရေးကြီးသလို
ဆရာဆိုရင်​လည်း
ကိုယ့်​တပည့်​​လေး​တွေ
အတုယူမမှားဖို့
သတိထားပြီး​ပြောဖို့
သင်​​ပေးဖို့
အရမ်းအ​ရေးကြီးပါတယ်​ ၊
ဘယ်​ဆရာ​တော်​နဲ့
ရင်းနှီးလို့ပဲဖြစ်​ဖြစ်
ဘယ်ဘုန်းဘုန်းနဲ့
ရင်းနှီးလို့ပဲဖြစ်​ဖြစ်
ဘယ်​ဦးဇင်းနဲ့
ရင်းနှီးလို့ပဲဖြစ်​ဖြစ်
ဘယ်ကိုရင်​နဲ့
ရင်းနှီးလို့ပဲဖြစ်​ဖြစ်
ရဟန်းသံဃာဘုန်းဘုန်းဆရာ​တော်​များနဲ့
အပြင်​မှာပဲဖြစ်​ဖြစ်
Facebook​ပေါ်မှာပဲဖြစ်​ဖြစ်
ဖုန်း​ပြောတဲ့အခါမှာပဲဖြစ်​ဖြစ်
စာ​ရေးတဲ့အခါမှာပဲဖြစ်​ဖြစ်
စကား​ပြောဆိုတဲ့အခါမှာပဲဖြစ်​ဖြစ်
ရို​သေသမှု
လေးစားသမှု
ကြည်​ညိုသမှုထားပြီးချိုချိုသာသာနဲ့
ရိုရို​သေ​သေနဲ့
 " ဘုရား " ဆိုတဲ့စကားလုံး​ကိုထည့်​ပြီး
ပြော​ပေးဖို့
ရေး​ပေးဖို့
စာ​ရေးသူအထူးတိုက်​တွန်းလိုက်​ပါရ​စေ ၊
သေး​သေးမွားမွားကိစ္စ​လေးဆိုပြီး
အထင်​မ​သေးလိုက်​ပါနဲ့ ၊
ကြီးမားတဲ့ဆုံးရှုံးမှု​တွေဟာ
သေးငယ်​တဲ့အရာ​လေး​တွေက
အစပြုတယ်​ဆိုတာ
မ​မေ့လိုက်​ပါနဲ့
သတိထားပါ...။
" ဗုဒ္ဓအဆုံးအမ -နှလုံးလှဖြင့်
မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး)
31.10.2018  Wed
Tuesday, 30 October 2018
်​ ပရိဝသ်​​တောင်း
အဟံ ဘ​န္တေ သမ္ဗဟုလာ သံဃာဒိ​သေသာ အာပတ္တိ​ယော အာပဇ္ဇိံ။
အာပတ္တိပရိယန္တံ န ဇာနာမိ။
ရတ္တိပရိယန္တံ န ဇာနာမိ။
အာပတ္တိပရိယန္တံ နဿရာမိ။
ရတ္တိပရိယန္တံ နဿရာမိ။
အာပတ္တိပရိယ​န္တေ ​ဝေမတိ​ကော ။
ရတ္တိပရိယ​န္တေ  ​ဝေမတိ​ကော ။
သော ဟံ ဘ​​န္တေ သံဃံ တာသံ
အာပတ္တီနံ သုဒ္ဓန္တပရိဝါသံ ယာစာမိ ။
 ပရိဝသ်​​ဆောက်​တည်​၍ ပရိဝသ်​ကြား
ပရိဝါသံ သမာဓိယာမိ၊ ၀တ္တံ သမာဓိယာမိ
ပရိဝါသံ သမာဓိယာမိ၊ ၀တ္တံ သမာဓိယာမိ
ပရိဝါသံ သမာဓိယာမိ၊ ၀တ္တံ သမာဓိယာမိ
အဟံ ဘ​န္တေ သမ္ဗဟုလာ သံဃာဒိ​သေသာ အာပတ္တိ​ယော အာပဇ္ဇိံ။
အာပတ္တိပရိယန္တံ န ဇာနာမိ။
ရတ္တိပရိယန္တံ န ဇာနာမိ။
အာပတ္တိပရိယန္တံ နဿရာမိ။
ရတ္တိပရိယန္တံ နဿရာမိ။
အာပတ္တိပရိယ​န္တေ ​ဝေမတိ​ကော ။
ရတ္တိပရိယ​န္တေ  ​ဝေမတိ​ကော ။
သော ဟံ ဘ​​န္တေ သံဃံ တာသံ
အာပတ္တီနံ သုဒ္ဓန္တပရိဝါသံ ယာစိံ။တဿ မေ
သံ​ဃော တာသံ အာပတ္တီနံ သုဒ္ဓန္တပရိဝါသံ အဒါသိ။
သောဟံ ပရိဝသာမိ၊ ​ဝေဒယာမဟံ ဘ​န္တေ ​ဝေဒယတီတိမံ သံ​ဃော ဓာ​ရေတု။
 မာနတ်​​တောင်း
အဟံ ဘ​န္တေ သမ္ဗဟုလာ သံဃာဒိ​သေသာ အာပတ္တိ​ယော အာပဇ္ဇိံ။
အာပတ္တိပရိယန္တံ န ဇာနာမိ။
ရတ္တိပရိယန္တံ န ဇာနာမိ။
အာပတ္တိပရိယန္တံ နဿရာမိ။
ရတ္တိပရိယန္တံ နဿရာမိ။
အာပတ္တိပရိယ​န္တေ ​ဝေမတိ​ကော ။
ရတ္တိပရိယ​န္တေ  ​ဝေမတိ​ကော ။
သော ဟံ ဘ​​န္တေ သံဃံ တာသံ
အာပတ္တီနံ သုဒ္ဓန္တပရိဝါသံ ယာစိံ။တဿ မေ
သံ​ဃော တာသံ အာပတ္တီနံ သုဒ္ဓန္တပရိဝါသံ အဒါသိ။
သောဟံ ပရိဝသ​န္တော အန္တရာ သမ္ဗဟုလာ သံဃာဒိ​သေသာ အာပတ္တိ​ယော အာပဇ္ဇိံ အပ္ပဋိစ္ဆန္နာ​ယော ။
သောဟံ ဘန္တေ  သံဃံ တာသံ အန္တရာ သမ္ဗဟုလာနံ အာပတ္တီနံ အပ္ပဋိစ္ဆန္နာနံ မူလာယပဋိကဿနံ ယာစိံ။တံ မံ သံဃော
အန္တရာ သမ္ဗဟုလာနံ အာပတ္တီနံ အပ္ပဋိစ္ဆန္နာနံ မူလာယပဋိကဿိ။
သောဟံ ဘန္တေ ပရိဝုတ္ထပရိဝါ​သော။ အဟံ ဘန္တေ သမ္ဗဟုလာ သံဃာဒိ​သေသာ အာပတ္တိ​ယော အာပဇ္ဇိံ အပ္ပဋိစ္ဆန္နာ​ယော ။
သောဟံ ဘန္တေ သံဃံ တာသံ သမ္ဗဟုလာနံ အာပတ္တီနံ ပဋိစ္ဆန္နာနဉ္စ  အပ္ပဋိစ္ဆန္နာနဉ္စ ဆာရတ္တံ မာနတ္တံ ယာစာမိ ။၊
မြတ်စွာဘုရားဟာ မြန်မာနိုင်ငံသို့ ဘယ်နှစ်ကြိမ် ကြွခဲ့ဖူးလဲ
အတုမရှိမြတ်စွာဘုရားဟာ မြန်မာနိုင်ငံသို့ ဘယ်နှစ်ကြိမ် ကြွခဲ့ဖူးလဲ
ဗုဒ္ဓမြတ်စွာဘုရားရှင်ဆိုတာ သိသင့် သိထိုက်သော တရားအလုံးစုံကို တစ်ခုမကျန် ဟုတ်တိုင်းမှန်စွာ သိနိုင်သော သဗ္ဗေညုတဉာဏ်တော်ရှင် ပုဂ္ဂိုလ်ထူးကို ဆိုလိုပါတယ်။ ထိုပုဂ္ဂိုလ်ထူးကိုလည်း ဉာဏ်ပညာတစ်မျိုးတည်းသာ ကြီးကျယ်မြင့်မြတ်ခြင်းဖြင့် ဗုဒ္ဓဘုရားဟုဆိုသည် မဟုတ်။
(၁) ဇာတိမဟတ္တ – အမျိုးဇာတ်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း
(၂) ပုညမဟတ္တ – ဘုန်းသမ္ဘာကုသိုလ် ပါရမီအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း
(၃) သီလမဟတ – အကျင့်သီလအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း
(၄) သမာဓိမဟတ္တ – တည်ကြည်ခိုင်ခံ့သော သမာဓိအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း
(၅) ဣဒ္ဓိမဟတ္တ – တန်ခိုးအာနုဘော်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း
(၆) ဗုဒ္ဓိမဟတ္တ – ဉာဏ်ပညာအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း ဟူ၍ လောကတွင် ရှိရှိသမျှ လူနတ်ဗြဟ္မာ သတ္တဝါတို့ထက် ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံမှသာလျှင် ပြည့်စုံသော ပုဂ္ဂိုလ်ထူးကိုသာလျှင် ဘုရားဟု ဆိုရပါသည်။
လောကမှာ အတုမရှိ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ကျနော်တို့မြန်မာနိုင်ငံသို့ ဘယ်နှစ်ကြိမ်ကြွခဲ့ပါသလဲ ?
၁။ ပထမအကြိမ် မဟာသက္ကရာဇ် (၁၀၄)ခုနှစ်၊ ဒုတိယဝါ သက်တော် (၃၆)နှစ်တွင် ဖိုးဦးတောင် ( ပြည်မြို့အနီး ) သို့ ကြွချီတော်မူသည်။ ပြည်ရွှေဆံတော် စေတီပေါ်ထွန်းခဲ့သည်။
၂။ ဒုတိယအကြိမ် မဟာသက္ကရာဇ် (၁၁၁)ခုနှစ်၊ ဝါတော်(၈)ဝါ သက်တော် (၄၃)နှစ်တွင် သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ရဟန္တာအရှင် ဂဝံပတိမထေရ်၏ ပင့်လျှောက်ချက်အရ ရဟန္တာ (၅၀၀)တို့နှင့်အတူ ကြွချီတော်မူသည်။ ကျိုက်ထီးရိုးစေတီ ပေါ်ထွန်းခဲ့သည်။
၃။ တတိယအကြိမ် မဟာသက္ကရာဇ် (၁၁၃)ခုနှစ်၊ ဝါတော် (၁၀)ဝါ သက်တော် (၄၅)နှစ်တွင် ရခိုင်ပြည်သို့ ရဟန္တာ (၅၀၀)နှင့်အတူ ကြွချီတော်မူခဲ့သည်။ မဟာမြတ်မုနိအပါအဝင် မုနိလေးဆူပေါ်ထွန်းခဲ့သည်။
၎။ စတုတ္ထအကြိမ် မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၊ ဝါတော် (၂၀)ဝါ သက်တော် (၅၅)နှစ်တွင် သုနာပရန္တတိုင်းသို့ ကြွချီတော်မူသည်။ မန်းရွှေစက်တော် ခြေတော်ရာများ ကိုးကွယ်ရန်ချထားတော်မူခဲ့သည်။
၅။ ပဉ္စမအကြိမ် မဟာသက္ကရာဇ် (၁၃၆)ခုနှစ်၊ ဝါတော် (၃၃)ဝါ သက်တော် (၆၈)နှစ်တွင် တကောင်းပြည်သို့ ကြွချီတော်မူသည်။ ဟန်လင်းကြီးစေတီ ပေါ်ထွန်းခဲ့သည်။
Monday, 29 October 2018
အစ္စဘာမ်​ဘာသာဝင်​က​မေး​သော ဗုဒ္ဓအ​ကြောင်း
🔴🔴🔴🔴🔴🔴🔴
ကျွန်တော် အစ္စလာမ်ဘာသာဝင်ပါ...
ကျွန်တော်တို့ ဘာသာ မှာ
ကိုးကွယ် မှုပုံစံ၊
ပညတ်ချက် , စတာတွေကို "ကုရ်အာန်"မှာ ကသတ် မှတ်ပေးထားပါတယ်...
ကျွန်တော်တို့ ဘာသာရဲ့"အဆုံးအမ"မှာလည်း
သူများယုံကြည်ရာကိုစော်ကားခွင့် မပေးထားပါဘူး
စော်ကားမယ့်အစီ အစဉ်လည်းမရှိပါဘူး..
အခု
ကျွန်တော် သိချင် တာလေးတွေ ကို"ဗုဒ္ဓဘာသာဝင်"အကို/အမ များက"ငြိမ်းချမ်းစွာ"ဖြေပေးပါ..
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
(1) "ဗုဒ္ဓ"ကသူ့ ကို "ဆင်းတုများပြုလုပ်ပူဇော်ရမယ်"လို့ ပြောခဲ့ဖူး ပါသလား...
အဲလိုလုပ်ရပ်ကို သူ ကိုယ်တိုင်ရောကြိုက်ပါရဲ့လား..
(2)"ဆင်းတုများ, စေတီများ"ပြုလုပ်ပူဇော်ခြင်း-က သူ ရှိစဉ်ကတည်းကပါလား၊သူ မရှိမှလား...
(3)"ဆင်းတုများ, စေတီများပြုလုပ်ခွင့်"ကို"တောင်းဆိုခဲ့ရတယ်"လို့
ပို့စ်တစ်ခုမှာပြောထားတာတွေ့ ရတဲ့အတွက်-
"ကမ္ဘာ"ပေါ်မှာ"မည့်သည့်စေတီ"က "ပထမဆုံး"ပါလဲ..
(4)"စေတီ"တိုင်းမှာအများအားဖြင့်"ဆင်းတုတော်"တွေ
အများကြီးတွေ့ ရ ပါတယ်..
"စေတီ"တည် တဲ့အခါ "အဓိက"လိုအပ်ချက်ကဘာပါလဲ..
(5)"ဗုဒ္ဓဘာသာ"ရဲ့ ကိုးကွယ်မှုဖြစ်တဲ့
"ရတနာသုံးပါး"ဆိုတာကို "ဗုဒ္ဓ" က ချ မှတ်ပေး ထားခဲ့ခြင်း လား..
(6) "ဗုဒ္ဓဘာသာ"ရဲ့"ပညတ်ချက်"တွေကဘာပါလဲ..
(7)"ရတနာသုံးပါး"အပြင်-
"မိဘ, ဆရာ" အစရှိတာတွေက -
"ဘုရားနဲ့ တစ်ဂိုဏ်းတည်းသတ်မှတ်ထားတာ"ဆိုရင် -
"သံဃာ"နဲ "့မိခင်"-ဘယ်သူက ပိုမြတ်ပါသလဲ..
(8)"ဗုဒ္ဓဘုရားရှင်"ယခုရှိပါသေးလား..
"အစ္စလာမ်ရော, ခရစ်ယာန်တွေ"ပါ ဆုတောင်းမှုပြုရင်
"ဖန်ဆင်းရှင်"ဆီမှာသာတောင်း ခံကြပါတယ်။
"ဗုဒ္ဓဘာသာ"မှာ-
"ဘယ်သူ့ ဆီကဆုတောင်း"နေကြတာပါလဲ..
(9)"ဗုဒ္ဒဘာသာ"ကိုဝင်ချင်လို "့နိုင်ငံခြားသားတစ်ယောက်"က
"ဗုဒ္ဓ"ကို ဘယ်လိုသုံးနှုန်းမလဲ..
ကျွန်တော်မေးချင်တာက
"မြန်မာ"မှာဆို"ဘုရား လို့ သုံးတယ်။
"ထိုင်း"မှာဆိုလည်း-
"ဖကျောင်း"ဆိုပြီးသုံးနှုန်း ပါတယ်..
အဲဒီမှာ-
"အာရှ"ကမဟုတ်တဲ့ "အမေရိကန်တစ်ယောက်"
က "ဘုရား ရှိခိုးမယ်"ဆိုရင်-"ဘုရား"ဆို တဲ့နေရာမှာ ဘယ်လိုအသုံး အနှုန်းကိုသုံးလို့ ရနိုင်မလဲ.
(10)"ဘုရား"ဟောတာတွေက သိပ်ကောင်းနေပါ ရဲ့နဲ့ "ဗုဒ္ဓဘာသာဝင်"တော်တော်များများကဘာလို့ မကျင့်သုံးနိုင်ကြတာပါလဲ..
ဥပပမာ..
"ခက်လို့ လား" (ဒါမှမဟုတ်)"မလုပ်နိုင်လို့ လား" ဆိုတာသိပါ ရစေ...
ဖြေပေးတဲ့
အကို/အမများ အားလုံးကိုလေးစားပါတယ်။
ဒီထဲကအသုံးအနှုန်း တစ်ခုခုက ရိုင်းသွားရင်လဲ
ခွင့်လွှတ်ပေးပါ..
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
(1) "ဗုဒ္ဓ"ကသူ့ ကို "ဆင်းတုများပြုလုပ်ပူဇော်ရမယ်"လို့ ပြောခဲ့ဖူး ပါသလား။
အဲလိုလုပ်ရပ်ကို သူ ကိုယ်တိုင်ရောကြိုက်ပါရဲ့လား။
(2)"ဆင်းတုများ, စေတီများ"ပြုလုပ်ပူဇော်ခြင်း-က သူ ရှိစဉ်ကတည်းကပါလား၊သူ မရှိမှလား။
(3)"ဆင်းတုများ, စေတီများပြုလုပ်ခွင့်"ကို"တောင်းဆိုခဲ့ရတယ်"လို့
ပို့စ်တစ်ခုမှာပြောထားတာတွေ့ ရတဲ့အတွက်-
"ကမ္ဘာ"ပေါ်မှာ"မည့်သည့်စေတီ"က "ပထမဆုံး"ပါလဲ...
(4)"စေတီ"တိုင်းမှာအများအားဖြင့်"ဆင်းတုတော်"တွေ
အများကြီးတွေ့ ရ ပါတယ်...
"စေတီ"တည် တဲ့အခါ "အဓိက"လိုအပ်ချက်ကဘာပါလဲ...
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
"မေးခွန်းနံပါတ် ( ၁ ) ( ၂ ) ( ၃ )  ( ၄ ) အတွက်
အ ဖြေ ပါ။"
"မြတ်စွာဘုရား"သက်ရှိထင်ရှားရှိစဉ်အခါတုန်းက "ဘုရားရှင်ကို ကြည်ညိုတဲ့သူ"တွေ "မြတ်စွာဘုရား"ကို ပူဇော်ဘို့ လှူဒါန်းဖို့
အခါအားလျှော်စွာ "မြတ်စွာဘုရား"ထံလာကြပါတယ်။
"မြတ်စွာဘုရား" ကျောင်းတော် မှာ ရှိနေစဉ်အချိန်မှာတော့
"မြတ်စွာဘုရား"ကို လှူကြတာပေါ့။
" မြတ်စွာဘုရား" မရှိတဲ့အခါ "ပါလာတဲ့ပစ္စည်း"ဘယ်ကို လှူဒါန်းခဲ့ရ
မှန်းမသိတော့ဘူး။
"မြတ်စွာ ဘုရား"ကို လှူဒါန်းဖို့ စိတ်ကူးနဲ့ လာကြတာကိုး။
ဒီတော့
ကျောင်းဒကာ -"အနာထပိဏ်သူဋ္ဌေး"က -
"ဘုရား ထံ လှူဒါန်းဘို့ လာတဲ့သူတွေ
"ဘုရားရှင်" မရှိလည်း လှူဒါန်းလို့ အဆင်ပြေအောင်
သင့်လျှော်တဲ့နေ ရာ"-စီစဉ်ဖို့  "အရှင်အာနန္ဒာ"ကို
လျှောက်ထားပါတယ်။
"အရှင်အာနန္ဒာ"ကလည်း ဒီ ကိစ္စ ကို "မြတ်စွာဘုရား" နဲ့တွေ့တော့
လျှောက် ထားပါတယ်။
"မြတ်စွာဘုရား"က -
"လှူဒါန်းပူဇော်သင့်တဲ့ အရာ သုံးမျိုး"ကို ပြောပြခဲ့ပါတယ်။
၁။ "ဓာတ်တော်,မွေတော်"အပါအ၀င် "မြတ်စွာဘုရား"ရဲ့ ခန္ဓာကိုယ်။
၂။ "မြတ်စွာဘုရား"ရဲ့ အသုံး အဆောင်များ။
၃။" မြတ်စွာဘုရား"ကို အာရုံယူဘို့ "မြတ်စွာဘုရား"ကို ရည်ညွှန်းထားသော
-ရုပ်တု၊
-စေတီ ကိုလှူဒါန်း ပူဇော်သင့်ကြောင်း" မိန့်ခဲ့ပါတယ် ။
တစ်ဖန်
"အရှင်အာနန္ဒာ"က-
"မြတ်စွာဘုရား"သက်ရှိထင်ရှားရှိတုန်း "စေတီ,ပုထိုး"တည်ထား
ကိုးကွယ်ရရင် အဆင်ပြေနိုင်မလား"လို့ - ဆက်လျှောက်တဲ့အခါ-
"ဘုရားရှင်"က-
"စေတီကို ငါဘုရား ပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ,
ဓာတ်တော်-တွေနဲ့ တည်ဆောက် ပူဇော် သင့်ကြောင်း"-။
  သူ့ကိုယ်စား "ကိုးကွယ်ဆည်းကပ်"ဖို့အတွက်
"စေတီ ၄ မျိုး"-ကို သတ်မှတ်ပေးတော်မူခဲ့ပါတယ်။
( ၁ ) "ဓာတုစေတီ"
"ဗုဒ္ဓ"ရဲ့ "ရုပ်ကလပ်တော်"ကို မီးသဂြိုဟ်တဲ့အခါ ကျန်ရစ်တဲ့"
ဓါတ်တော်များ"ကို "ဘုရားရှင်"ကိုယ်စားကိုးကွယ်နိုင်တယ်။
( ၂ ) "ဓမ္မစေတီ"
"ဗုဒ္ဓမြတ်စွာ"( ၄၅)နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
-"ပိဋကတ်သုံးပုံ၊
-မဂ် လေးတန်၊
-ဖိုလ် လေးတန်နဲ့
-နိဗ္ဗာန်တရား"တို့ကို
"ဘုရားရှင်"ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။
( ၃ ) "ဥဒ္ဒိဿ     စေတီ"
သက်တော်ထင်ရှား "မြတ်စွာဘုရား"ကို ရည်မှန်းပြီး ရေးသားတဲ့
-"ပုံတော်၊ပန်းချီကားချပ်"တွေ၊
-"သစ်သား,ဆင်စွယ်"စသည်တို့ကို ထုလုပ်ထားတဲ့ "ဆင်းတု"တွေ၊
-"အုတ်၊ သဲ၊ အင်္ဂတေ" စသည်တို့ဖြင့် တည်ဆောက်ထားတဲ့
"စေတီ,ပုထိုး"တွေ၊
ဒီအရာတွေအားလုံးကို "ဘုရားရှင်ကိုယ်စား"- ရှိခိုးပူဇော်နိုင်တယ်။
( ၃ ) "ပရိဘောဂစေတီ"
"မဟာဗောဓိပင်"အပါအ၀င် "ဘုရားရှင်"အသုံးပြုတော်မူခဲ့တဲ့
-"သပိတ်၊"
-"သင်္ကန်း"၊
-"တောင်ဝှေး"-စသညိတို့ ကို လည်း "ဘုရားရှင်"ကိုယ်စားဆည်းကပ်ကိုးကွယ်နိုင်တယ်။
အဲဒီတော့
"ဗုဒ္ဓဘာသာဝင်များ"က "မြတ်ဗုဒ္ဓရဲ့"
-"ပုံတော်ပန်းချီကား"တွေ၊
-"ဆင်းတု"တွေကို ရှိခိုးပူဇော်တာဟာ "ဥဒ္ဒိဿ     စေတီ"အဖြစ်
ရည်မှန်းပြီး "ရှိခိုးပူဇော်ခြင်း"ဖြစ်တယ်။
-"ပန်းချီကား အနေနဲ့
-"ရုပ်ထု၊ဆင်းတုတော်များ"အနေနဲ့
ရှိခိုးပူဇော်နေတာ မဟုတ်ပါဘူး။။
"ဘုရားရှင်"က -
-"ဒီလို စေတီပုထိုးတော်တွေကို ပူဇော်တာဟာ
"ရုပ်"ကို အခြေခံပြီး ပူဇော်တာမျိုး မဟုတ်ကြောင်း၊
-"စေတီပုထိုးတော်တွေ ကို ပူဇော်တာဟာ
"စိတ်ရဲ့အလုပ်"ဖြစ်ကြောင်း ဆက်လက်မိန့်ကြားပါတယ်။
"စေတီ,ပုထိုး"ကို ကြည့်၊
"ဘုရားအစစ်"(သက်ရှိထင်ရှားမြတ်ဘုရား) ရဲ့"ဆုံးမသြ၀ါဒ"တွေကို "စိတ်နဲ့အာရုံပြု"ပြီး "ပူဇော်ရမှာ"- လို့ နားလည်ထားရမှာပါ။
တစ်နည်းအားဖြင့်-
"ပုံ"နောက်က "ဂုဏ်"ကို "စိတ်အာရုံ"ရောက်အောင်ပြု၊
ပူဇော်ရတာဖြစ်ပါတယ်။
"စေတီ,ပုထိုး"မတည်သေး ပဲနဲ့ သူ"တရားအားထုတ်" ခဲ့တဲ့ "ဗောဓိညောင်ပင်"ကို စိုက်ပျိုးပြီး
-သူမရှိတဲ့အခါ
-သူခရီးထွက်နေ သခိုက်
သူ့ကိုယ်စား "ဗောဓိညောင်ပင်"ကို ပူဇော်ဖို့
"မြတ်စွာဘုရား"က "အရှင်အာနန္ဒာ"ကို အကြံပြုပါတယ်။
ဒီနောက်
"အရှင်အာနန္ဒာ" ဟာ -
"အရှင်မဟာမောဂ္ဂလာန်"အကူအညီနဲ့ "ဗုဒ္ဓဂယာ" က "ဗောဓိညောင် မျိုးစေ့"ကိုယူပြီး "ဇေတ၀န်ကျောင်း"နဲ့ မလှမ်းမကမ်းမှာ စိုက်ပါတယ်။
အဲ့ဒီ"ဗောဓိညောင်ပင်"ကို
"အာနန္ဒဗောဓိပင်"-လို့ အမည်တွင်စေခဲ့ပါတယ်။
"ပထမဆုံး စေတီတော်"ကတော့-
"ဘုရားရှင်"ကို "ပထမဆုံး ဖူးမြော်ကြည်ညိုခွင့်ရသူ "
"ဥက္ကလာပတိုင်းသား"ကုန်သည်ညီနောင်-
"တဖုဿ     " နှင့် "ပလ္လိကာ"က-
"ဘုရားရှင်"ထံမှပင့်ဆောင်လာသော "ဆံတော်များ"ကို
"ဥက္ကလာကမင်းကြီး"ထံ ဆက်သရာမှ ဖြစ်ပေါ်လာသော -
လက်ရှိအားလုံး ဖူးမြော်နေရပါသော "နှစ်ပေါင်း (၂၆၀၀) နီးပါးသက်တမ်းရှိ -
"ရွှေတိဂုံ စေတီတော်မြတ်ကြီး"ပါပဲ။
━━━━━━━━━━━━━━━━━━━━━
(5)"ဗုဒ္ဓဘာသာ"ရဲ့ ကိုးကွယ်မှုဖြစ်တဲ့
"ရတနာသုံးပါး"ဆိုတာကို "ဗုဒ္ဓ" က ချ မှတ်ပေး ထားခဲ့ခြင်း လား။
(6) "ဗုဒ္ဓဘာသာ"ရဲ့"ပညတ်ချက်"တွေကဘာပါလဲ။
(7)"ရတနာသုံးပါး"အပြင်-
"မိဘ, ဆရာ" အစရှိတာတွေက -
"ဘုရားနဲ့ တစ်ဂိုဏ်းတည်းသတ်မှတ်ထားတာ"ဆိုရင် -
"သံဃာ"နဲ "့မိခင်"-ဘယ်သူက ပိုမြတ်ပါသလဲ။
━━━━━━━━━━━━━━━━━━━━━
"မေးခွန်းနံပါတ် ( ၅ ) ( ၆ ) ( ၇ ) အတွက်
အ ဖြေ ပါ။"
"ရတနာသုံးပါး"ကိုသိမြင်ဖို့ "မြတ်ဗုဒ္ဓ"က-
"လမ်းပြ"ခဲ့တာပါ။ "ချမှတ်"ခဲ့တာ မရှိပါ။
"ရတနာသုံးပါး"အပြင်-
"မိဘ,ဆရာသမား"ကိုလဲ "တစ်ဂိုဏ်း"ထဲထား ရိုသေသင့်တယ်"-လို့သွန်သင်ဆုံးမခဲ့ပါတယ်။
-"သံဃာ" ရယ် , "မိခင်"ရယ် မဟုတ်ပါဘူး။
"စော်ကား"မိရင် "တူညီတဲ့ -ငရဲ"ရမှာဖြစ်ပါတယ်။
("တစ်ဂိုဏ်း" လို့ ရေးထားပြီးပါပြီ။
"ဘယ်ဟာပိုကြီးလဲ" ဆိုတာ ကတော့
မေးခွန်း မမေးတတ်ရာကျပါတယ်။)
"မြတ်စွာဘုရား"က "လူတစ်ယောက်"ဟာ-
-အောက်တန်းစားလား?
-အထက်တန်းစားလား?
-မြင့်မြတ်သူလား?
-အောက်တန်းကျသူလား?ဆိုတာ
-သူရဲ့အလုပ်နဲ့
-သူ့ရဲ့ကိုယ့်ကျင့်တရားနဲ့ပဲ တိုင်းတာရမယ်။
တခြားနည်းနဲ့ မတိုင်းတာရဘူး"လို့ ဒီလိုဟောတာ
ကို ဗဟုသုတ အနေနဲ့ ဆက်လက်တင်ပြပါမယ်။
"လောကကြီး"က -တစ်ခြားနည်း တွေနဲ့ပဲ
တိုင်းတာနေတယ်။
" မြတ်စွာဘုရား"-ကမဟုတ်ဘူး၊
"တပေန၊ ဗြဟ္မစရိယေန သံမယေန ဓမ္မေနစ"
 အဲဒါမှ
"ဘ၀ မှာမြင့်မြတ်ခြင်း အကြောင်းတရား"။
ကိုယ့်ဘ၀မှာ လူတွေက
-ဘယ်လောက်ပဲ နိမ့်ကျတယ်လို့ထင်ထင်
-ဘယ်လောက်ပဲ အောက်တန်းစားလို့ထင်နေနေ
"တပ"လို့ဆိုတဲ့ "အကျင့်တရား"၊
"ဗြဟ္မစရိယ"လို့ဆိုတဲ့ "အကျင့်တရား"၊
"သံမယ"လို့ဆိုတဲ့ "စောင့်စည်းမူ"၊
"ဓမ္မ"လို့ဆိုတဲ့ -"မိမိကိုယ်ကိုဆုံးမနိုင်တဲ့
အသိဉာဏ်"
အဲဒီ"အချက်လေးချက်"နှင့် ပြည့်စုံပြီ
ဆိုရင်တော့" မြင့်မြတ်သူ"လို့ ဒီလိုသတ်မှတ်တယ်။
လောက လူ တွေက
-ဘယ်လောက်အောက်တန်းစားလို့ထင်ထင်
တကယ့်"ပညာရှင်"တွေက "မြင့်မြတ်သူ"လို့ သတ်မှတ်တယ်။
"တပ"ဆိုတာ -"ဣန္ဒြိယ သံဝရ"
"မျက်စိ"ကမြင်ပြီးတော့ -
"လောဘ"မဖြစ်အောင် ,"ဒေါသ"မဖြစ်အောင် ထိန်းနိုင်သူ၊
"နား"နဲ့ကြားပြီးတော့ -
"လောဘ"မဖြစ်အောင် ,"ဒေါသ"မဖြစ်အောင်ထိန်းနိုင်သူ၊
-"နှာခေါင်း"ကနမ်းရှူပြီးတော့
-"လျှာ"ကအရသာခံပြီး
-"ခန္ဓာကိုယ်"ကထိတွေ့ပြီး
-"စိတ်ကူးကြံစည်" ပြီး ဖြစ်လာမယ့်
လောဘ ဒေါသတွေ မဖြစ်ရအောင်ထိန်းကျောင်းနိုင်တဲ့ "ဣန္ဒြိယ သံဝရ၊ ဒွါရ(၆)ပါး"ကို ထိန်းနိုင်သူ။
လောကမှာ , "အောက်တန်းကျတဲ့ အခြေအနေ"ကနေ"မြင့်မြတ်တဲ့ဘ၀"ကို ကူးပြောင်းသွားနိုင်တဲ့ "ပုဂ္ဂိုလ်"ဟာ -
"ဘာတွေနဲ့ကူးပြောင်းသွားသလဲ?"
မေးလို့ရှိရင် "သီလ၊ သမာဓိ၊ ပညာ" ဆိုတဲ့ "သိက္ခာတရားသုံးပါး"ပဲ။
" မြတ်သောအကျင့်"လို့ဆိုတဲ့ -
"သီလ၊ သမာဓိ၊ ပညာ"ဆိုတဲ့
"သိက္ခာအကျင့်သုံးရပ်"ဟာ လူရဲ့အဆင့်အတန်းကို မြင့်မား စေတာအမှန်အကန်ပဲ၊
ကျန်တဲ့
"ဥစ္စာဂုဏ် , ဓနဂုဏ် , မျိုးရိုးဂုဏ်"ဆိုတာတွေက
လောကလူတွေလောက်သာတန်ဖိုးထားတာ
"အရိယာသူတော်စင်"တွေအနေနဲ့ တန်ဖိုးမထားဘူး။
ပြီးတော့ -
"ဘုရား ရှင်"က "၀ိနယ"လို့ခေါ်တဲ့ "၀ိနည်း"တွေကိုသာ "ပညတ်"ခဲ့ပါတယ်။
ကျန်တာတွေ တော့
"လောကရဲ့ သစ္စာတရား"တွေကို ညွှန်ပြခဲ့တာပါ။
"ဝိနည်း ပညတ်ချက်"တွေကို
အောက်ဖော်ပြပါ Link မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
http://moenatvilla.blogspot.com/2013/09/blog-post_8.html
━━━━━━━━━━━━━━━━━━━━━
(8)(က)"ဗုဒ္ဓဘုရားရှင်"ယခုရှိပါသေးလား။
━━━━━━━━━━━━━━━━━━━━━
"မေးခွန်းနံပါတ် ( ၈ ) [က]အတွက်
အ ဖြေ ပါ။"
တစ်ခြားသော ဘာသာတွေ ကိုးကွယ်တဲ့
"ဘုရားသခင်"ဆိုတာ-
-အခုထိ "ကောင်းကင်ဘုံနန်း"မှာ ရှိနေတယ်။
ပြီးတော့
သူတို့"ဘုရားသခင်"က ကိုးကွယ်,ဆည်းကပ် လာသူတိုင်းကို "ရှိသမျှ အပြစ်"တွေလည်း ဆေးကြော ဖယ်ရှားပေးမယ်။
"ဆင်းရဲဒုက္ခ"တွေ ကင်းဝေးစေမယ်။
ချမ်းသာသုခ တွေနဲ့ ပြည့်စုံအောင်လည်း
အစစ တာဝန်ယူတယ်”-ဆိုတဲ့
အာမခံချက် အပြည့်ရှိကြောင်းတွေကို
 ရွှန်းရွှန်းဝေအောင် ပြောပြတတ်ကြပါတယ်။
ပြီးတော့ -
“မင်းတို့ ကိုးကွယ်တဲ့ "ဗုဒ္ဓဘာသာ ဘုရား"ဆိုတာ "လူကဖြစ်လာတဲ့ဘုရား"ဖြစ်လို့ "လူတွေလိုပဲ သေ"သွားခဲ့ပြီ။
 အခု မရှိတော့ဘူး။
အဲဒီတော့ မင်းတို့ဟာ
-မရှိတဲ့ ဘုရားကို ကိုးကွယ်နေကြသူတွေ ဖြစ်မနေဘူးလား?။
တို့ "ဘုရားသခင်"က -
တို့အတွက် လုံးဝ အပြည့်အစုံ တာဝန် ယူပြီး အာမခံချက် ပေးသလို
မင်းတို့ "ဘုရားသခင်"ကကော မင်းတို့အတွက် ဘယ်လို တာဝန်ယူသလဲ၊
ဘာတွေ အာမခံချက် ပေးသလဲ?။"
-ဆိုတဲ့ မေးခွန်းမျိုး တွေ မေးလာလေ့ရှိပါတယ်။
လက်ရှိ "ကိုးကွယ်"နေကြတဲ့ "ဘာသာတရား တွေကို
ချမှတ်တည်ထောင်ခဲ့ကြတဲ့ ဦးစီး ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်"တွေ
အားလုံးထဲမှာ-
-ဘယ် ခေတ်က၊
-ဘယ် အရပ်မှာ၊
-ဘယ် မိ ဘယ် ဖ-က ဖွားမြင်တယ်။
-ငယ်နာမည် က ဘယ်လိုခေါ်တယ်။
-ဘယ်အရွယ်မှာ "ဘုရား"ဖြစ်တယ်။
-ဘယ်လို"တရား"တွေကို
ဘယ် အရပ် ,ဘယ် ဒေသ မှာ
-ဘယ် ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး ဟောခဲ့တယ်” စတဲ့
-သေချာရေရာတဲ့ မှတ်တမ်း မှတ်ရာ
-သမိုင်း အထောက်အထား ခိုင်ခိုင်လုံလုံ ရှိတာ"ဆိုလို့ -
"ဗုဒ္ဓဘာသာဝင်"တွေ ကိုးကွယ်နေတဲ့ “ဂေါတမမြတ်စွာဘုရား”
တစ်ဆူတည်းသာ ရှိတယ်"ဆိုတာ-
ဒီနေ့ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်
နေတဲ့ "ကမ္ဘာ့ပညာရှင်"တွေ အားလုံးကလည်း အလေးထား သိမှတ်ထားကြတာ အားလုံးအသိပါ။
"ဗုဒ္ဓဘုရား" ပွင့်တော်မူခဲ့တဲ့ "မဇ္ဈိမဒေသ"(အိန္ဒိယ၊ နီပေါနိုင်ငံတွေ) မှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်
ထောင်ကျော်က "အသောကမင်းကြီး" ရေးထိုးစိုက်ထူခဲ့တဲ့
ဒီ"မှတ်တမ်း ကျောက်စာ"တွေ၊ "ကျောက်တိုင်ကြီး"တွေကို "ကမ္ဘာ့ပညာရှင်"တွေ အားလုံတို့ကလည်း အလေးထား အသိအမှတ်ပြုကြတယ်ဆိုတာ အားလုံးသိကြမှာပါ။
ဒါကြောင့် "ဗုဒ္ဓဘာသာ"ဆိုတာ-
"ကမ္ဘာ"မှာ
-အရေရာဆုံး၊
-အခိုင်မာဆုံး၊
-အထောက်အထားပြနိုင်တဲ့ "ဘာသာတရား"ဖြစ်တယ်ဆိုတာ
"ဘယ်ပညာရှင်ကမှ မငြင်းဆန်"ပါဘူး။
နောက်တစ်ချက်က-
“ဗုဒ္ဓ ဘုရားရှင် ယခုရှိပါသေးသလား?” ဆိုတဲ့ကိစ္စပါ။
"ဂေါတမ မြတ်စွာဘုရားရှင်"ဟာ (၄၅) ၀ါတိတိ သက်ရှိထင်ရှားနေထိုင်ခဲ့ပြီး တရားဓမ္မတွေကိုလည်း မရပ်မနားလို့ ဆိုရလောက်အောင် ဟောတော်မူခဲ့တာပါ။
သက်တော် (၈၀) အရွယ်၊ ၀ါတော် (၄၅) ၀ါ ပြည့်ပြီးချိန်မှာ
"ပရိနိဗ္ဗာန်စံ"သွားပါတယ်။
"ပရိနိဗ္ဗာန်"စံဝင်ခါနီးမှာ အလုပ်အကျွေးဖြစ်တဲ့
"အရှင်အာနန္ဒာမထေရ်"ကို-"ဘုရားရှင်"မိန့်ကြားခဲ့တဲ့စကား
ရှိပါတယ်။
“ ငါ ဘုရားရှင် ပရိနိဗ္ဗာန်စံသွားပြီ၊
ခန္ဓာရုပ်ဒြပ်ကြီး ကွယ်ပျောက်သွားပြီဆိုတာနဲ့
-ကိုးကွယ်ရာမဲ့သွားပြီ၊
-ဘုရားမရှိတော့ဘူး"လို့
မမှတ်ယူပါနှင့်။
ငါ ဘုရားရှင်(၄၅) ၀ါပတ်လုံး ဟောကြားခဲ့တဲ့ တရားပုဒ်စု (ဓမ္မက္ခန္ဓာ) ရှစ်သောင်းလေးထောင်တို့ဟာ ငါဘုရားရှင်ရဲ့ ကိုယ်စားတွေပါပဲ။
ဒီ တရားပုဒ်စုတွေ ထင်ရှားရှိနေသမျှ
-ငါဘုရား ထင်ရှားရှိနေတယ်လို့ ခံယူကြပါ ” ဆိုတဲ့
"မှာတမ်းစကား"ပါ။
ဒါကြောင့်
“ မြတ်စွာဘုရား အခု ဘယ်မှာရှိသလဲ?” ဆိုရင်
"ဓမ္မက္ခန္ဓာ တရားတော်"တွေရှိတဲ့နေရာမှာ ရှိတယ်"လို့ ပြောရမှာပါ။
ဒါကို ကြည့်လိုက်ရင် "ဗုဒ္ဓဘာသာဝင်များ"ဟာ "မရှိတော့တဲ့ ဘုရား
ကို ကိုးကွယ်နေကြသူ"တွေ မဟုတ်ဘူး။
ထင်ရှားတဲ့ "မြတ်ဗုဒ္ဓရဲ့ကိုယ်စား တရားတော်တွေကို လိုက်နာကျင့်သုံး ပူဇော်နေကြသူ"တွေ ဖြစ်တယ်ဆိုတာကို
အထူးသိမှတ်သင့်ပါတယ်။
ထပ်ပြီး သတိ ပေးလိုတာကတော့
“ ဗုဒ္ဓဘာသာ-ဆိုတာ
-ကိုးကွယ်,ပသရေး "ဘာသာတရား" မဟုတ်ဘူး၊
-လိုက်နာ,ကျင့်သုံး,ပူဇော်ရေး ဘာသာတရား"သာ ဖြစ်တယ် ” ဆိုတာကို အလေးအနက် နားလည်ကြရမှာ ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━━━━
(8)(ခ)"အစ္စလာမ်ရော, ခရစ်ယာန်တွေ"ပါ ဆုတောင်းမှုပြုရင်"ဖန်ဆင်းရှင်"ဆီမှာသာတောင်း ခံကြပါတယ်။
"ဗုဒ္ဓဘာသာ"မှာ-
"ဘယ်သူ့ ဆီကဆုတောင်း"နေကြတာပါလဲ။
━━━━━━━━━━━━━━━━━━━━━
"မေးခွန်းနံပါတ် ( ၈ )[ခ] အတွက်
အ ဖြေ ပါ။"
ဘုရားရှင်ကိုယ်တော်မြတ်ကြီး က
"အတ္တာဟိ အတ္တနော နာတော"
"မိမိကိုယ် ကိုသာ ကိုးကွယ် ရာ၏"-လို့ဆိုခဲ့ တဲ့အတွက် "ဗုဒ္ဓဘာသာဝင်"တွေ က "ဆုတောင်း"တာမဟုတ်ပါ။
သူတို့ပြုခဲ့တဲ့ "ကုသိုလ်"အားလုံးကို တိုင်တည်ပြီး "ဘယ်အကျိုး ကိုစွမ်းဆောင်နိုင်တဲ့ အားအင်ရချင်ပါတယ်"-လို့ တိုင်တည် ဆုပန်တာပါ။
"အတ္တာဟိ အတ္တနော နာထော"
"မိမိကိုယ်သာ ကိုးကွယ်ရာ"
ဒါက
"အားပေးစကား အဆင့်" ပဲ။
"ကိုယ့်ကိုယ်ကိုယ် ဘယ်လို အားကိုး၊
ဘယ်လို ရပ်တည်ရမှာလဲ?"
မပါသေးဘူး၊ မပြီးသေးဘူးပေါ့။
"လုပ်ငန်းစဉ်အဆင့်" က "တတိယပါဒ"မှာပါ။
"အတ္တနာဟိ သုဒန္တေန"
"မိမိကိုယ်ကိုယ် ကောင်းကောင်းဆုံးမ/လေ့ကျင့်/
ပြုစုပျိုးထောင်ပေးခြင်းအားဖြင့်" တဲ့။
 ပေါ့တော့တော့နဲ့ မရဘူး။
"သုဒန္တ"မပါရင် "နာထ" မဖြစ်နိုင်ပါဘူး။
ခေတ်စကားနဲ့ဆိုရင်-
"ဒါကို မင်း လုပ်နိုင်ပါတယ်"
("ဗုဒ္ဓ")
"ဒါပေမဲ့ ဒီနည်းလမ်းအတိုင်းတော့ လိုက်နာမှ"
(ဒါလည်း "ဗုဒ္ဓ"ပါပဲ)
"ဆုတောင်းခြင်း"ဆိုတာ
"မိမိ လိုအပ်သောအကျိုး"ကို
-စိတ်ဖြင့်မှန်းဆ၍ဖြစ်စေ
-နှုတ်ဖြင့်တမ်းတ၍ဖြစ်စေ
"တောင်းဆိုခြင်း"ကို ခေါ်တာပါ။
"ပါဠိဘာသာ"လို
"ပတ္တနာ ယာစနာ" စသဖြင့်ခေါ်ပါတယ်။
အဘိဓမ္မာ တရားကိုယ်
သဘောအားဖြင့် "ဆန္ဒစေတသိတ်"ပါ။
လူတစ်ယောက် ဟာ "တရားငါးမျိုး"
("သဒ္ဓါ,သီလ,သုတ, စာဂ,ပညာ"တရား ငါးမျိုး)
ရှိပေမယ့်-
"ဆုတောင်းခြင်း-မရှိ ဘူး" ဆိုရင်-
"ကောင်းကင်သို့ ပစ်လွှတ်သော လှံ" သည်
"အရင်း,အဖျား,အလယ်"အားဖြင့် ကျချင်ရာကျနိုင် လို့ အကျိုးရမှု
မသေချာ။
"ဆု"ကိုသာတောင်း၍ "တရားငါးမျိုး"မရှိလျှင်လည်း
အကျိုးရရှိမှု့မသေခြာ။
"တရားငါးမျိုး"လည်းရှိ၍
"ဆု"လည်းတောင်းသူ"အား
သေချာပေါက် "အကျိုး"ရနိုင်ပါတယ်။
"ဆုတောင်း"လိုက်ရင်
"တောင်းသောဆုကိုပေးမယ့်သူ"မှာ အခြားသူမဟုတ်။
"မိမိပြု သော ကံ"သာလျှင် ဖြစ်လို့
-"ဆု"ကိုလည်း "တောင်း"
-"ကောင်းမှု ကုသိုလ်"ကိုလည်းပြုရပါတယ်။
━━━━━━━━━━━━━━━━━━━━━
(9)"ဗုဒ္ဒဘာသာ"ကိုဝင်ချင်လို "့နိုင်ငံခြားသားတစ်ယောက်"က "ဗုဒ္ဓ"ကို ဘယ်လိုသုံးနှုန်းမလဲ။
ကျွန်တော်မေးချင်တာက
"မြန်မာ"မှာဆို"ဘုရား လို့ သုံးတယ်။
"ထိုင်း"မှာဆိုလည်း-
"ဖကျောင်း"ဆိုပြီးသုံးနှုန်း ပါတယ်။
အဲဒီမှာ-
"အာရှ"ကမဟုတ်တဲ့ "အမေရိကန်တစ်ယောက်"
က "ဘုရား ရှိခိုးမယ်"ဆိုရင်-"ဘုရား"ဆို တဲ့နေရာမှာ ဘယ်လိုအသုံး အနှုန်းကိုသုံးလို့ ရနိုင်မလဲ။
━━━━━━━━━━━━━━━━━━━━━
"မေးခွန်းနံပါတ် ( ၉ ) အတွက်
အ ဖြေ ပါ။"
"ဗုဒ္ဓ"ကို တစ်ကမ္ဘာလုံး "BUDDHA "လို့သုံးပါတယ်။
"ဗုဒ္ဓ" ဆိုတာ-"သိသောသူ" လို့ အဓိပ္ပါယ်ရပါတယ်။
"ဘယ်လိုသိတာလဲ"-
-ကိုယ်တိုင်သိတာ။
"ဘာကိုသိတာလဲ"
"အမှန်တရား ကိုသိတာ"။
"အမှန်တရား က ဘာလဲ"
-"လောကကြီးထဲမှာ ရှိတဲ့အရာအားလုံးရဲ့
သဘောသဘာဝ အစစ်အမှန် ကိုသိတာ"။
"ဘယ်လို သဘောလဲ"
(၁) မမြဲခြင်း သဘော
(၂) ဆင်းရဲခြင်းသဘော
(၃) မစိုးပိုင်ခြင်းသဘော။
အဲဒီ သစ္စာလေးပါး တရား တွေကို
"ဘုရား"ကကိုယ်တိုင်သိခဲ့တာ ,"ကိုယ်ပိုင်ဥာဏ်"နဲ့ သိခဲ့တာ။
အဲဒါကြောင့် "ဗုဒ္ဓ"လို့ အမည်ရခဲ့တာ။
"ဗုဒ္ဓ"ဆိုတာ "ဗုဒ္ဓဘာသာရဲ့ မြတ်စွာဘုရား" တစ်ဆူပါပဲ။
"လောကကြီးကို ဘယ်သူမှ မပိုင်စိုးဘူး၊ ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်စိုးဘူး"လို့ ကြွေးကြော်ခဲ့တဲ့ "မြတ်စွာဘုရား"ပါ။
ဘာလို့ "ဗုဒ္ဓ"ကို "ဘုရား"လို့ခေါ်ရတာလဲဆိုရင်        
 "ဘုရား"ဆိုတဲ့ အရေးသားနဲ့ပတ်သက်လို့ ရှေးအကျဆုံးအဖြစ်
“ပုရဟာ”လို့ တွေ့ရပါတယ်။
 (ပုနှင့် ရကောက်အပေါ် ဟ-အက္ခရာ က အောက်မှာ ဆင့်နေတာပါ) ပုဂံခေတ်ထိုး “ညောင်ရမ်းကြီးသမီးကျောက်စာ”ကို ကြည့်ပါ။
"ပူဇာရဟ"ဆိုတဲ့ စကားကို မြန်မာမှုအဖြစ် အသွင်ပြောင်း
ယူထားခြင်းသာ ဖြစ်ပါတယ်။
"ပူဇာရဟ"ဆိုတာ ပူဇော်အထူးကို ခံတော်မူထိုက်သူလို့ အဓိပ္ပာယ်ရပါတယ်။
ဒါကြောင့် “ဘုရား”ဆိုတဲ့ မြန်မာစကားဟာ "ပူဇော်အထူးကို ခံတော်မူထိုက်သူ"-ဆိုတဲ့ အဓိပ္ပာယ်ကိုသာ အခြေခံပါတယ်။
"ဗုဒ္ဓ"ကို "မြန်မာ"တွေက "ဘုရား"လို့ ခေါ်တာက "ဆရာ" ဖြစ်လို့ပါပဲ။
"ဘုရား"ဆိုတာ "သက္ကတ စာပေ"က ဆင်းသက်ခဲ့တဲ့ စကားလုံးပါ
"ပုရ်သျှာ"လို့ ရေးပါတယ်။
နောက်ပိုင်းမှာ "ပုဂံခေတ်"အထိ "ပုသျှာ" လို့ အသုံး ရှိခဲ့ပါတယ်။
-"အရှင်သခင်"တွေ ,"ဆရာသမား"တွေကို ခေါ်ဝေါ် တဲ့ "ဝေါဟာရ တစ်ခု" ဖြစ်ပါတယ်။
ပုဂံခေတ် ကျောက်စာတွေ မှာတွေ့ရနိုင်ပါတယ်
"ပုဂံခေတ်"ကနေ နောက်ပိုင်း
"ပုသျှာ"ကို "ပုရှာ"
"ပုရှာ" ကနေ-"ဖုရှာ"
-"ဖုရှာ" ကနေ-"ဖုရာ"
-"ဖုရာ"ကနေ "ဖုရား"
-"ဖုရား"ကနေ "ဘုရား"။
အားလုံး ကို "မြန်မာ အဓိပ္ပါယ်"ဖွင့်ဆိုရင် "ဆရာ သခင် ကျေးဇူးရှင်"-လို့ ရပါတယ်။
"မြတ်စွာဘုရားရှင်"ကိုယ်တိုင်က
-"မိမိကိုယ်ကို ဖန်ဆင်းရှင်"ဟု မဟောခဲ့သလို၊
-လူသားတစ်ဦးအား အပြစ်ပေးခြင်း၊
- ဒဏ်ခတ်ခြင်းလည်း မလုပ်ခဲ့ပါဘူး။
-ဖန်ဆင်းရှင်မဟုတ်ခဲ့သလို ကယ်တင်ရှင်လည်း မဟုတ်ခဲ့ပါဘူး။
 ဆိုလိုတာက
"မြတ်စွာဘုရားရှင်"က သူကိုယ်တိုင်ပင်
-"အနိစ္စသဘော" (မမြဲတဲ့သဘော) ၊
-"ဒုက္ခ"(ဆင်းရဲတဲ့သဘော)၊
-"အနတ္တ"( ကိုယ်ဖြစ်ချင်သလို ကိုယ်လိုချင်သလို) "အစိုးမရတဲ့သဘော"ကို မလွန်ဆန်နိုင်တဲ့အတွက် -ဘယ်သူ့ကိုမှ ဖန်ဆင်းတာမျိုးမလုပ်ခဲ့သလို
-ကယ်တင်တာမျိုးလည်းမလုပ်ခဲ့ပါ။
"လမ်းညွှန်ပေးတော်ခဲ့တဲ့ ဆရာတစ်ဆူ"ပင်ဖြစ်ပါတယ်။
"ဘယ်လိုလမ်းညွှန်ခဲ့သလဲ"လို့ရင်၊
"ဆင်းရဲခြင်း"ရဲ့ဆန်ကျင်ဘက်က "ချမ်းသာခြင်း"၊
အိုခြင်း= မအိုခြင်း၊
သေခြင်း= မသေခြင်း
-အဲဒီတရားတွေအပေါ် ဆင်ခြင်သုံးသပ်ပြီးတော့
"သေခြင်းတရား"ရှိသလို "မသေခြင်းတရား"(တနည်း) "အသေလွတ်တဲ့တရား"ရှိတယ်။
ဒီ"တရား"ကိုအားထုတ်ရင် "အသေလွတ်"မယ်။
"အသေလွတ်တယ်"ဆိုတာ -
"(နိဗ္ဗာန်)ကို မျက်မှောက်ပြုတာ"လို့ အကျဉ်းချုပ်မှတ်လိုက မှတ်နိုင်ပါတယ်။
ဒါန=ပေးကမ်းခြင်း၊
သီလ= ကိုယ်၊နှုတ်၊စိတ်တို့ကိုထိန်းချုပ်ခြင်း၊ ဘာဝနာ- (ဝိပဿ     နာ)=အကြောင်း အကျိုး ဖြစ်-ပျက်သဘောတရားတို့ကို ထိုးထိုးထွင်းထွင်းဆင်ခြင်သုံးသပ်ခြင်း-
ဆိုတဲ့"ကောင်းသော(ကုသိုလ်တရား)
ကျင့်ကြံအားထုတ်ရမည့်တရား"ဆိုပြီး,
"မကောင်းတဲ့ ရှောင်ကြဉ်ရမည့်(အကုသိုလ်)တရား"နှင့် "ကောင်းတဲ့ (ကျင့်ကြံရမည့်-ကုသိုလ်)တရားများ"ကို "လမ်းညွှန်ပေးတော်မူခဲ့တဲ့ဆရာတစ်ဆူ"ပင်ဖြစ်ပါတယ်။
-ကိုယ်တိုင်မဖန်ဆင်း၊
-သူများကိုလည်း မဖန်ဆင်းနိုင်ပါ။
-ကိုယ်တိုင်လည်းအပြစ်ပေးခြင်း၊
-သူတစ်ပါးကို အပြစ်ပေးခြင်း အာဏာလည်းမရှိခဲ့ပါ။
"ကိုယ်တိုင်ကျင့်မှ ကိုယ်တိုင်ခံစားရမယ်"-လို့ပဲ ဟောတော်မူခဲ့တာပါ။
"ထိုင်း"-မှာသုံးတာက "ဖရာ့ကျောက်"ပါ။
"ကျောက်"ဆိုတာက-"သခင်"၊ "ဦးထိပ်ပန်ဆင်သူ"လို့-အမည်ရပြီး -
"ဖရာ့"ကတော့ "ဘုရား"ပါ အတူတူပါပဲ။
━━━━━━━━━━━━━━━━━━━━━
(10)"ဘုရား"ဟောတာတွေက သိပ်ကောင်းနေပါ ရဲ့နဲ့ "ဗုဒ္ဓဘာသာဝင်"တော်တော်များများက
ဘာလို့ မကျင့်သုံးနိုင်ကြတာပါလဲ။
ဥပမာ..
"ခက်လို့ လား" (ဒါမှမဟုတ်)"မလုပ်နိုင်လို့ လား" ဆိုတာသိပါ ရစေ။
━━━━━━━━━━━━━━━━━━━━━
"မေးခွန်းနံပါတ် ( ၁၀ ) အတွက်
အ ဖြေ ပါ။"
နံပါတ် ( ၁၀ ) မြောက် မေးခွန်း အတွက် ကတော့ ဒါဟာ
"ဘာသာတိုင်း"မှာ ရှိတတ်တဲ့"သဘာဝ"ပါ။
"ဗုဒ္ဓဘာသာဝင်"အများစု မကျင့်သုံးနိုင်ခဲ့ရင် "ဗုဒ္ဓသာသနာ"ဟာ-
"ကမ္ဘာ"မှာ-
-အနူးညံ့
-အသိမ်မွေ့ဆုံး သာသနာတော်-အဖြစ်
ယနေ့ အချိန်အထိ"လက်မ"ထောင် နေနိုင်တာပါ။
"ဗုဒ္ဓဘာသာ သာသနာတော်"ကြောင့်-
-စစ် ခင်းရတာ
-သွေး ချောင်းစီးရတာ...
ဘာသာရေး သမိုင်း တစ်လျှောက်မှာ မရှိခဲ့ဖူးပါ။
"ဗုဒ္ဓဘုရားရှင်"က ဟောခဲ့၍သာ -
"လောကကိုစောင့်ရှောက်နေသည့်တရား
ဟာ ဘယ်တရားလဲ?"လို့ မှန်မှန်ကန်ကန်သိရှိနေရပါတယ်။"ဗုဒ္ဓမြတ်စွာဘုရားရှင်"ရဲ့ကျေးဇူး"ပါ။
"လူ့လောကကို စောင့်ရှောက်နေသည့် တရား၊
ဗုဒ္ဓဘာသာ လောကကို ထိန်းသိမ်းပေးနေသည့်
တရား"ကား အခြားမဟုတ်ပါဘူး။
ိ"ဟီရိ တရား"နှင့်သြတ္တပ္ပ တရား"နှစ်ပါး ဖြစ်ပါတယ်။
"ဟီရိ"ဆိုတာ -"ရှက်တတ်မှု"
"သြတ္တပ္ပ"ဆိုတာ -"ကြောက်တတ်မှု"ပါ။
"ငါဟာ -ဗုဒ္ဓတရားတော်ကို ဆည်းကပ်ကိုးကွယ်
နေတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့"မိစ္ဆာ
ဒိဋ္ဌိ"တစ်ယောက် ဖြစ်သွားမယ်ဆိုရင် ရှက်စရာ
ကြောက်စရာကြီးပါလား?"လို့-
"ရှက်တတ်ခြင်း"ကား-"ဟီရိ"။
"ဘယ်လူကြီး၏ သားသမီးသည် ဘိုးသွား
မိဘအစဉ်အဆက် ဗုဒ္ဓဘာသာဖြစ်ပါလျက်အခု
မှ ဘာသာပျက်ပြီး မိဘကို ခြေကန်သွားပြီ ဆို
လျှင် ငါတို့မိဘတွေဟာ သမီးအတွက်ရှက်စရာ
ကြီးပါကလား"ဟု ရှက်တတ်လာတာ "ဟီရိ"။
ဒီလိုအရှက်မရှိပါက -"လောကပါလ"- "လောကစောင့်တရား"ပျက်ပါတယ်။
"ငါဟာ ဗုဒ္ဓဘာသာ ပျက်က သံသရာမှာနစ်မွှန်း
တော့မယ်။ အပါယ်လေးပါး ကျတော့မယ်။
ယခု လက်ငင်းမှာလည်း ငါ့ကိုဝိုင်းပြီး ငါ့ကို
မေးငေါ့ ကြတော့မယ်။ ဖွင့်ဟ မပြောပေမယ့်
လည်း လူတကာကအထင်သေးတော့မယ်"-လို့-
"ပတ်ဝန်းကျင်"ကို "ကြောက်ရွံ့စိုးရိမ်"တာ
"သြတ္တပ္ပ"။
"အရှက်,အကြောက် ရှိသော ဗုဒ္ဓဘာသာ"တို့မှုကား
"ခြင်္သေ့သည်ငတ်ပေမယ့် မြက်ကိုမစားဘူး"ဆို
သကဲ့သို့ ဘယ်လိုနည်းနဲ့မျှ "ဗုဒ္ဓဘာသာ"ကို
အပျက်မခံကြ။
ဤကား "ဟီရီ သြတ္တပ္ပ လော
ကပါလတရား"ကပြသော "တရား"ပါ။
တကယ်တော့-
"ဗုဒ္ဓဘာသာဝင်"တစ်ယောက်
ဖြစ်ဖို့ရာ အလွန်ခဲယဉ်းလှပါတယ်။
"ဗုဒ္ဓဘာသာ ၀င်"တစ်ယောက်၏"တန်ဖိုး"သည်
အလွန်ကြီးမားလှပါတယ်။
လူတို့သည် အပြင်ဘက်က ထူးတာဆန်းတာ
တွေကို လိုက်စားနေတတ်ကြပါတယ်။
မိမိကိုယ် မိမိ ဘ၀ ရဲ့ထူးလွန်းတာ ဆန်းလွန်းတာကိုမျှ စိတ်မ၀င်
စားကြပါဘူး။
ဤလို ဖြစ်နေတာကိုက-
"တရားစကားနှင့်ပြောလျှင် ကိုယ်တိုင်ကဖြစ်ရပ်မှန်ကို"သစ္စာ"ကို
မြင်အောင်မကြည့်တတ်၍ "မဂ်ဖိုလ်"မရတာ"နှင့်တူနေပါတယ်။
"ဘ၀"တွင်အရေးကြီးဆုံး
ဖြစ်သော "မဂ်ဉာဏ်,ဖိုလ်ဉာဏ်ရခြင်း"ဆိုတာ-
"အပြင်ဘက်က ထူးတာဆန်းတာတွေကို
ကြည့်ပြီးမြင်ပြီးရတာ"မဟုတ်။
ကိုယ့်ကိုယ်ထဲ က"ဖြစ်ရပ်မှန်ကို မြင်အောင်ကြည့်ရှုနိုင်လို့ရခြင်း"
 ဖြစ်ပါတယ်။
သို့ဖြစ်သောကြောင့် -
"ဗုဒ္ဓဘာသာဝင်"တို့ဟာ မိမိ တို့"ဗုဒ္ဓဘာသာဝင်"ဖြစ်နေရသည့် "တန်ဖိုး"ကိုအထူး နားလည်ကြပြီး "ဗုဒ္ဓဘာသာ"ဘ၀မပျက်စီးရအောင်အဖက်ဖက်မှ ၀ိုင်းဝန်းထိန်းသိမ်းကြပါတယ်။
━━━━━━━
မှီခိုရာ ကျမ်းကိုး-
━━━━━━━
(၁။ "ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး"၏
"မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် အနိမ့်အကျဆုံး လူ့တစ်ယောက်၏ ဘ၀" တရားတော်။
၂။ "ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)"၏
"ဘယ်ကျောင်းနေမလဲ မောင်ရေခဲနှင့် အာခံတွင်းက ဖွားသူများ"စာအုပ်။
၃။ "အရှင်ဥတ္တရဝံသဂဝေသီ"၏
"ဗုဒ္ဓဘာသာ အခြေခံမျက်ရှု့-အတွဲ(၂)"
(ဥပရိပဏ္ဏာသ အဋ္ဌကထာ၊သင်္ခာရုပပတ္တိသုတ်)
၎။ "ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)"၏ ဓမ္မဆောင်းပါးတစ်ပုဒ်။
၅။၁၉၉၀၊ မတ်လ၊ "ဓမ္မရံသီမဂ္ဂဇင်း"ပါ-8
"နှစ်ဖက်လှဦးကျော်လွင်"၏ "ဆောင်းပါး။
၆။ "မာလု" ၏ "အွန်လိုင်း မှ ဗုဒ္ဓဘာသာ ဆိုင်ရာ
ဘာသာခြား မေးဖြေများ"စာအုပ်)
ရေးသား ပြီးစီး ။    ။
၁၃၇၉ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော်(၁၄)ရက်
နေ့
(၁၉-၁၀-၂၀၁၇)ရက်နေ့၊ကြာသပတေးနေ့-
(နံနက်-၁၀း ၁၄)
ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊
သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။
ဘ၀တု သဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
Copy
ကိုညီညီတင်
(ဥာဏ်လင်းမြို့)
09-445108754
https://www.facebook.com/profile.php?id=100009615188000
#မေတ္တာဖြင့်ပြန်​လည်မျှဝေပါသည်။
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်###
ကထိန်
#ကထိန်
____________
ကထိန်  ဆိုတာ ``ကထိန´´ ဆိုတဲ့  ပါဠိစကားက လာတယ် ဖြစ်တယ်။
"ကထီယတေ သိလာဃိယတေ ဗုဒ္ဓါဒီဟီတိ ကထိနံ"
"ရဟန်းတော်များအား  အချို့သော  အာပတ်မသင့် ရောက်အောင်  ပြုလုပ်ပေးတတ်သော ၊ ဘုရား အစရှိသော  သူတော်ကောင်းတို့  ချီးမွမ်းအပ်သော အမှု ဖြစ်သောကြောင့်   ကထိန် မည်ပါ၏။"
#ကထိန်ဖြစ်ပေါ်လာပုံကတော့ ...
မြတ်စွာဘုရားရှင်  သာဝတ္ထိပြည်  ဇေတဝန်ကျောင်းမှာ  သီတင်းသုံးနေတုန်းက ဖြစ်တယ်။
ဓုတင်ဆောင်  ဘဒ္ဓညီနောင် သုံးကျိပ်ဟာ  မြတ်စွာဘုရားရှင်ကို  ဖူးမြင်ဖို့    အလွန်ဝေးတဲ့ အရပ်ကနေ  သာဝတ္ထိပြည်ကို  လာရင်း ဝါတွင်းလ ရောက်လာလို့   မမှီတော့ပဲ  သာဝတ္ထိနဲ့  ယူဇနာ ခြောက်ဆယ်ဝေးတဲ့  သာကေတမြို့မှာပဲ  ဝါဆို လိုက်ကြရပါတယ်။
ရဟန်းညီနောင်  သုံးကျိပ်ဟာ  မြတ်စွာဘုရားရှင်ကို  မဖူးမျှော်  ရသေးလို့  စိတ်နှလုံး မချမ်းမမြေ့  ဖြစ်နေကြပါတယ်။
ဒီလိုနဲ့  ဝါကျွတ်တဲ့အခါ  ဘုရားရှင်အား ဖူးမျှော်ဖို့  သာဝတ္ထိပြည်ကို  ဆက်လက်ကြွလာခဲ့တယ်။
လမ်းမှာ  မိုးတွေက ကြီးတော့  တိစီဝရိတ်ဓုတင် ​ဆောင်ထားတဲ့ သူတို့ရဲ့ သင်္ကန်းတွေဟာ  မိုးရေနဲ့ရွှဲနစ်  နေကြပါတယ်။
မြတ်စွာဘုရားရှင်ကို  ဖူးမြင်ရတဲ့အခါ    ဘုရားရှင်က ဝါတွင်းကာလ   ချမ်းချမ်းသာသာ  နေရပါသလား လို့ ​မေးတဲ့အခါ  သူတို့ရဲ့ အဖြစ်ကိုလျှောက်ကြပါတယ်။
ရဟန်းတော်တွေရဲ့အခက်ခဲကို  ဘုရားရှင်သိတဲ့အခါ  `ထိုညီနောင်သုံးကျိပ်ကို အကြောင်းပြုပြီး´ ကထိန်သင်္ကန်းကို  ဘုရားရှင်ခွင့်ပြုခဲ့ပါတယ်။
#ကထိန်ခင်းရာကာလကတော့  {သီတင်းကျွတ်လပြည့်နေ့မှ  တန်ဆောင်းမုန်းလပြည့်နေ့  တစ်လအတွင်းသာ}  ဖြစ်ပါတယ် ။
#ကထိန်ရထိုက်တဲ့_ရဟန်းတော်တွေကတော့ ...
ပုရိမဝါလို့  ခေါ်တဲ့   ဝါဆိုလပြည့်ကျော်တစ်ရက်နေ့ ကစလို့  သီတင်းကျွတ်  လပြည့်နေ့အထိ  ဝါဆိုတဲ့ရဟန်း၊ ဝါဆိုစဉ်အတွင်း  ဝါမကျိုးတဲ့  ရဟန်းများပဲ  ရပါတယ်။
ပစ္ဆိမဝါ လို့ခေါ်တဲ့ #ဝါခေါင်လမှဝါဆိုတဲ့_ရဟန်းများ  ကထိန် မယူရပါဘူး။  #ဝါကျိုးတယ်  ဆိုတာကတော့  ဝါတွင်းသုံးလ  ဝါဆိုနေစဉ်အတွင်း  ဝါမပန်ကြားပဲ  မိမိကျောင်းအပြင်မှာ  ညည့်အိပ်ညည့်နေ  နေတဲ့ ရဟန်းတော်တွေပါပဲ။
#ဝါပန်ရန်ကာလကလည်း  ၇-ရက်သာ  ပန်လို့ ရပါတယ်။  ၇-ရက်ကျော်ရင်လည်း  ဝါကျိုးပါတယ်။ ထိုရဟန်း  ကထိန် ယူလို့ မရပါဘူး။
#ကထိန်အာနိသင်ရတဲ့ရဟန်းဟာ  ဝိနည်းအချို့က ကင်းလွတ်ခွင့်ရတဲ့  အခွင့်ရေးရပါတယ်။
(၁) အနာမန္တစာရ ....။
ဆွမ်းစာပင့်ထားတဲ့ အိမ်ကို  လက်ခံပြီး  ထိုအိမ်ကို  အရင်မသွားပဲ  တခြားအိမ်သွားတဲ့အခါ  တခြား ထင်ရှားရှိသော ရဟန်းကို  ပန်ကြားပြီး သွားရပါတယ်။ ပန်ကြားပြီး မသွာရင်  ပါစိတ်အာပတ်သင့်တယ်။ ကထိန်အာနိသင်ရထားတဲ  ရဟန်းဟာ  အဲဒီအာပတ်က ကင်းလွတ်ခွင့်ရတယ်။
(၂) အသမာဒါန  စာရ......။
တိစီဝရိတ် အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းနဲ့  ညည့်ကင်းပြီး မနေရပါဘူး။ နေရင်  နိသဂ္ဂိပါစိတ်  အာပတ်သင့်တယ်။ ဒီအာပတ်လည်း  ကင်းလွတ်ခွင့်ရတယ်။
(၃) ဂဏဘောဇန.....။
ထမင်းစားကြွပါ။ မုန့်စားကြွပါလို့ လူတွေက  မအပ်စပ်တဲ့  အသုံးအနှုန်းနဲ့  ပင့်ရင်  လက်ခံလို့ မရပါဘူး။ လက်ခံရင် ပါစိတ် အာပတ်သင့်တယ်။ ကထိန်အာနိသင်ရရင်  လက်ခံလို့ ရတယ်။ အာပတ်မသင့်ဘူ။
(၄) ယာဝဒတ္တစီဝရ.... ။
ရဟန်းတော်မှာ  သင်္ကန်းအသစ်တစ်စုံရရင် ဆယ်ရက် အတွင်း  အဓိဋ္ဌာန် တင်ရပါတယ်။ မတင်ရင်  နိသဂ္ဂိပါစိတ် အာပတ်သင့်တယ်။ ဒီအာပတ်လည်း  ကင်းလွတ်ခွင့် ရတယ်။
(၅)  ယော စ တတ္ထစီဝရုပ္ပါဒ.....  ။
ကျောင်းတိုက်အတွင်းမှာ  ဖြစ်ပေါ်လာတဲ့ သံဃိက အလှုကို   ခံယူနိုင်တယ်။ ကထိန်မရရင်  မခံယူနိင်ဘူး။ အဲဒီအကျိုးလည်း ရတယ်။
#ကထိန်အာနိသင်ရတဲ့_ကာလက  #အကန့်သတ်ရှိပါတယ်။ {သတီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ  တပေါင်းလပြည့်နေ့အထိပဲ }   ဖြစ်ပါတယ်။
#ကထိန်အလှုဟာ_တစ်ခြားအလှုတွေနဲ့_မတူပါဘူး။ ကထိန်ရဖို့အတွက်  ရဟန်းဟာ   မတောင်း ကောင်းပါဘူး။ အရိပ်အခြေနေတောင်  မပြောကောင်းပါဘူး။
သာမာန်ဆိုရင်  ရဟန်းတွေမှာ  မိဘ၊ ဆွေမျိုး  ၊ပစ္စည်းလေးပါး  ဖိတ်ထားသူတွေမှာ  တောင်း, ကောင်းပါတယ်။
#ကထိန်ကိုတော့_မိဘဆီမှာတောင်  မတောင်းကောင်းပါဘူး။  { သူ့အလိုလို #သဒ္ဓါတရားကြောင့်  ဖြစ်လာတဲ့  သင်္ကန်းကိုပဲ    ကထိန်သင်္ကန်းအဖြစ် } ယူခွင့် ရှိပါတယ်။
ဖြစ်တည်လာတဲ့   သင်္ကန်းကိုလည်း   ပုဂ္ဂိက  အဖြစ် ယူခွင့် မရှိပါဘူး။
သင်္ကန်းရှားပါးမှု့ကြောင့်  ခွင့်ပြုခဲ့တဲ့ ကထိန်ုဖြစ်တဲ့အတွက်   ကျောင်းတိုက်ထဲက  သင်္ကန်း  #ရှားပါးဆုံးသူကိုသာ  ကထိန်သင်္ကန်း  ပေးရပါတယ်။
လူတွေဘက်ကလည်း  ကထိန်ကို  ပုဂ္ဂိက လှူ ခွင့် မရှိပါဘူး။  သံဃာကိုသာ  လှူ ရပါတယ်။
လူတွေက  ကထိန်သင်္ကန်းလှုတဲ့အခါ  သင်္ကန်းကို  ကိုင်ပြီး  ``ဣမံ   သပရိဝါရံ   ကထိနစီဝရံ  ကထိနတ္ထာယ  သံဃဿ  ဒေမ´´  ဆိုပြီး  ဘုန်းကြီးလက်ထဲ  ကပ်ရပါတယ်။
ရဟန်းတော်တွေက  ကပ်လာတဲ့  သင်္ကန်းတွေထဲက  သင်းပိုင် ၊ ကိုယ်ရုံသင်္ကန်း၊  နှစ်ထပ်  သင်္ကန်း  စတဲ့  တစ်ခုခုနဲ့  သာခင်းရပါတယ်။ သုံးခုလုံးနဲ့   မခင်းရပါဘူး။
အဲဒီရလာတဲ့သင်္ကန်းကို    သင်္ကန်းအဆင်းရဲဆုံးရဟန်းကို  သိမ်ထဲမှာ  သံဃာနဲ့ ဉာတ်ထားပြီး ပေးရပါတယ်။
ကထိန်သင်္ကန်းရသွားတဲ့ရဟန်းက  သာခင်းပါတယ်။ ခင်းတယ်ဆိုတာ  နှစ်ထပ်သင်္ကန်းနှင့်  ခင်းမည်ဆိုလျှင်  ``ဣမာယ  သံဃာဋိယာ  ကထိနံ  အတ္ထရာမိ´´ ဆိုပြီး  ခင်းပါတယ်။
ခင်းပြီးတဲ့နောက်မှာ  ကထိန်ခင်းတဲ့  ရဟန်းက  ဝါကြီးဖြစ်ခဲ့သော်  ``အတ္ထတံ   အာဝုသော  သံဃဿ  ကထိနံ   ၊ဓမ္မိကော   ကထိနတ္ထာရော   အနုမောဒထ´´ဆိုပြီး  သံဃာတော်တို့အား  အနုမောဒနာ  ပြုဖို့တိုက်တွန်းရပါတယ်။
အဲဒီအခါ  ကျန်သံဃာတွေက  ``အတ္ထတံ  ဘန္တေံဃဿ  ကထိနံ   ၊ဓမ္မိကော  ကထိနတ္ထာရော  အနုမောဒါမ´´  လို့ဆိုပြီး  အနုမောဒနာပြုကြပါတယ်။ အဲဒီအခါကျန်တဲ့  ရဟန်းတွေလည်း  ကထိန်အာနိသင်  ရပါတော့တယ်။
ဒါကိုပဲ  ကထိန်ခင်းတယ်လို့  ပြောကြတာပါ။
လူတွေဘက်ကလည်း  အင်မတန်  အကျိုးကြီးတဲ့  ကုသိုလ်ပါ။
မြတ်စွာဘုရားရဲ့  ဝိနည်းတော်ကို  တခြားဘယ်အာဏာ နဲ့မှ   မပယ်ရှားနိုင်ပါဘူး။ ဒီကထိန်တစ်ခုသာ  ဖယ်ရှားနိုင်တာပါ။
#ဒါကြောင့်_လူတွေအနေနဲ့  ရဟန်းတော်တို့ရဲ့  သီလ  ကိုလည်း  ထောက်ပံ့ရာရောက်တဲ့  အလှုပါ။ သက်​ရောက်မဲ့အာပတ်က  ကင်းလွတ်ခွင့်ရအောင်  ကူညီခွင့်ရနေလို  မိမိတို့လည်း  အချုပ်အနှောင်  အပြစ်တစ်စုံတရာ  ဖြစ်ပေါ်ခဲ့ရင်  ကင်းလွတ်ခွင့် ရနိုင်ပါတယ်။
ဒါ့အပြင်  ကထိန်ဆိုတာ  ကာလဆိုတဲ့  တစ်လအတွင်းပဲ  လှုခွင့်ရတာပါ။ တခြားလတွေမှာ   ကထိန်ခင်းချင်ရင်လဲ  မရတော့ပါဘူး။
ဒါကြောင့်ကာလဒါနလည်း  ဖြစ်နေပါတယ်။
ဒီအကျိုးကြောင့်  မိမိတို့  အလိုရှိတဲ့အချိန်မှာ  အလိုရှိတဲ့အရာလည်း  ပြည့်စုံပါတယ်။
#သင်္ကန်းလှုခဲ့ဖူးလို့_တစ်ချိန်ချိန်  မြတ်စွာဘုရား ပွင့်တော်မူတာနဲ့  ကြုံခဲ့ရင်  ဧဟိဘိက္ခု   ရဟန်းအဖြစ်လည်း  ရနိုင်ပါသေးတယ်။
#သင်္ကန်းမလှုဖူးရင်တော့_အဲဒီလိုရဟန်းမဖြစ်နိုင်ပါဘူး။
____________________
#ကထိန်ဖြစ်ပေါ်လာရခြင်းရဲ့ဇာတ်ဆောင်တွေဖြစ်တဲ့  ဘဒ္ဒဝဂ္ဂီတို့ရဲ့အကြောင်းလေးနဲ့  နိဂုံးချုပ်ပါမယ်။
ဘုရားရှင်ဟာ  ဥရုဝေလတောထဲကို  တစ်ပါးတည်း  ကြွလာပြီး    သစ်တစ်ပင်းရင်းအောက်မှာ   သီတင်း သုံးနေပါတယ်။
အဲဒီတာထဲကို    ရုပ်ဆင်းအင်္ဂါလှပြီး  စိတ်နေစိတ်ထားလည်း ကောင်းတဲ့   ဘဒ္ဒဝဂ္ဂီ  မင်းသားညီနောင်သုံးကျိပ်ဟာ    မယားကိုယ်စီနဲ့  ပျော်ပါးဖို့ ​ရောက်လာကြတယ်။
သူတို့  အထဲမှာ   မင်းသားတစ်ယောက်က  မိန်းမမရှိပါဘူး။ ဒါကြောင့်  ပြည့်တန်ဆာမ   တစ်ယောက်ခေါ်လာပါတယ်။ ထိုပြည့်တန်ဆာမက  မင်းသားတို့ရဲ့  ပစ္စည်းဥစ္စာတွေယူပြီး ထွက်ပြေးပါတယ်။
မင်းသားတို့ဟာ  တောထဲမှာ  လိုက်ရှာကြတဲ့အခါ သစ်ပင်ရင်းမှာ  သီတင်းသုံးနေတဲ့   ဘုရားရှင်ကို  တွေ့တော့  ``မြတ်စွာဘုရား  မိန်းမတစ်ယောက်ကို  တွေ့မိပါသလား  ဘုရားဆိုပြီး ´´မေးပါတယ်။
မြတ်စွာဘုရားရှင်က ...
 ``မင်းသားတို့...သင်တို့သည်  မိန်းမတစ်ယောက်ကို  ရှာခြင်းထက်  မိမိကိုယ်ကို  ရှာခြင်းက  ဘယ်ဟာမြတ်သနည်း´´
``တပည့်တော်တို့  မိမိကိုယ်ကို  ရှာခြင်းက  ပိုမြတ်ပါသည်ဘုရား´´
အပြစ်ကင်းတဲ့နေရာမှာ ကိုယ်စီထိုင်ရင်း  ဘုရားရှင်ကို ဖူးကြပါတယ်။
ဘုရားရှင်က မင်းသားအပေါင်းကို  ဒါနကထာ၊သီလကထာ၊ သဂ္ဂကထာ  ၊  မဂ္ဂကထာ အစဉ်တိုင်းဟောပြီး   မင်းသားအပေါင်း  စိတ်ထား နူးညံ့လာချိန်မှာတော့  သမုက္ကံသိက  ဓမ္မဒေနာ  သစ္စာလေးပါးကို  ဟောပြောတော့  သောတာပန်၊သကဒါဂါမ်၊အနာဂါမ် ။ အသီးသီး  တည်ကြလေတယ်။
အရိယာအဖြစ်ရောက်ခဲ့ကြတဲ့  မင်းသားအပေါင်းဟာ  ``ဘုန်းတော်ကြီးသောမြတ်စွာဘုရား  တပည့်တော်တို့အား  ရဟန်းအဖြစ်ကို  ပေးသနားတော်မူပါလို့  ´´တောင်းပန်ကြတော့...
``ဧထ  ဘိက္ခဝေါ..ရဟန်းတို့  လာကြလော့။ မြတ်သောအကျင့်ကို ကျင့်ကြလော့´´ လို့
ဘုရားရှင်က  ရွှေလက်တော်ကို  ဆန့်တန်းလိုက်တဲ့အခါ  မင်းသားအပေါင်းဟာ  လူ့အသွင်ပျောက်ပြီး  ဝါတော်ခြောက်ဆယ်ရ  မထေရ်ကြီးသို့  ရဟန်းအသွင်  တည်လေပါတော့တယ်။
ကိုယ့်ကိုယ်ကို  ရှာကြရအောင်။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
🙏🙏🙏
ပြန်​လည်​မျှ​ဝေပါသည်​။
🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုး တရား တိုးပွားကြပါ​စေ🙏
Share& Save & Copy.
သူငယ်​ချင်းတို့မိတ်​ပျက်​ခြင်းအစ
"သူငယ်ချင်းတွေဟာ ဒီကနေပြီး မိတ်ပျက်သွားတာပဲ"
ကျီးကန်း က ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။
ခွေးက အစကတော့ ကျေးဇူးတင်ပါတယ်ပေါ့၊ ကြာတော့လဲ အကျင့်ဖြစ်သွားတယ်။
အကျင့်ဖြစ်လာတော့၊ ဒါက ပေးကိုပေးရမလိုဖြစ်လာတယ်။
တနေ့ကျတော့ ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး
ကြက်ဥက စကတည်းက ကျီးကန်းဟာ ဆိုတာ သူမေ့သွားတယ်။
ကြက်ဥဘယ်သူကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။
ဒါနဲ့ သူတို့စကားများကြပြီး မိတ်ပျက်သွားကြတယ်။
***************************
သိပ်ပူတဲ့နွေရာသီတခုမှာ၊ လူတစုက မြစ်ရေလှိုင်းထဲဖောင်စီးသွားကြတယ်
ကောင်မလေးတယောက်ရေဆော့နေတုံး၊ ဖိနပ်က ရေထဲကျသွားတယ်။
ကမ်းပေါ်ရောက်တော့ နေပူထဲမှာ ပူကျစ်နေတဲ့ ရေချိုးကျောက်သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။
ဒါနဲ့ကောင်မလေးက တယောက်ယောက်ဖိနပ်ငှားနိုင်မလားလို့ ကူညီတောင်းတယ်။
ဒါပေမဲ့ လူတယောက်မှာ ဖိနပ်တရံပဲပါတာ ဘယ်သူမှမပေးချင်ကြဖူး၊
ကောင်မလေးက မကျေနပ်ဖြစ်သွားတယ်
သူကမိန်းခလေးသဘာဝ နဲနဲလောက် ချွဲလိုက်ရင် သူများအကူညီရနေကျလေ
ဒါပေမဲ့ဒီတခါတော့မရတော့ဘူး။
ဒါနဲ့သူက ဒီလူတွေအားလုံး မကောင်းဘူး ၊ ကူညီချင်စိတ်မရှိဘူးလို့တွက်လိုက်တယ်
နောက်တော့ ကောင်လေးတယောက်က သူ့ဖိနပ်ကို ပေးလိုက်တယ်။
သူကတော့ ဖိနပ်ဗလာနဲ့အကြာကြီး ရေချိုးကျောက်ပူပူထဲ ပြေးလိုက်ရတယ်
သံပူနဲ့ကပ်နေသလိုပါပဲ။☹️
ကောင်မလေးက ကျေးဇူးတင်ကြောင်းပြောလိုက်တယ်
ကောင်လေးက ၊ ဘယ်သူမှမင်းကို ကူညီဖို့တာဝန်မရှိပါဘူး။ မင်းကိုကူညီတာ ခင်မင်မှုတစ်ခုကြောင့်ပဲ၊ မကူညီဖြစ်ရင်ဒါသမကြီးပါနဲ့ ဒါ သမရိုးကျပါ။
အဲ့လိုပြောတော့ ကောင်မလေးစိတ်ထဲ အောင့်သက်သက်ဖြစ်သွားခဲ့တယ်။
အဲချိန်ကစပြီး သူ့ကိုကူညီဖူးသူတွေကို အမြဲမှတ်သားထားလေ့ရှိပြီး ပြန်လည်ကျေးဇူးဆပ်လေ့ ရှိသတဲ့။💖
ကျမတို့ဟာ အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ပဲ မျော်လင့်ကြတယ်။
အစပိုင်းတော့ ကျေးဇူးတင်မဆုံးဘူးပေါ့
ကြာလာတော့ သူများကိုယ့်အပေါ်ကောင်းတာကို အကျင့်ဖြစ်လာတယ် ။
ဒါက ဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။
တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင် အပြစ်တင်ရှုံ့ချ မိတော့တယ်။
တကယ်တန်းကျတော့၊ သူများမကောင်းတော့တာမဟုတ်ပါဘူး
ကိုယ့်ရဲ့ စိတ်တွေက ပြောင်းကုန်တာပါ
ရနေကျဆိုတော့ ကျေးဇူးတရားဆိုတာကို မေ့သွားတာပေါ့။
***************************
ညနေတခုမှာ၊ ဆိတ်ကလေးတကောင်တည်း တောင်ကုန်းလေးပေါ်ဆော့နေတယ်။
ရုတ်တရက် သစ်ပင်ခြုံကြားထဲက ၀ံပုလွေတကောင်ထွက်လာပြီး ဆိတ်ကို စားမယ်ပြင်တယ်။
ဆိတ်ငယ်က လန့်ခုန်ပြီး ခြေထောက်နဲ့အသားကုန်ကန်တယ်
အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို ကူညီလှမ်းတောင်းတယ်။
နွားက သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး ၀ံပုလွေကိုမြင်တော့ ပြေးပါလေရော
မြင်းကခေါင်းငုံပြီးတချက်ကြည့်၊ ၀ံပုလွေမြင်တော့ ၀ှစ်ကနဲကိုပြေးတာ
မြည်းကသွားနေရင်ကရပ်သွားတယ် ဒါပေမဲ့ ၀ံပုလွေမြင်တာနဲ့ တောင်အောက်ဆင်းပြေးတယ်။
ဝက်က ဖြတ်သွားရင်း ၀ံပုလွေမြင်တာနဲ့ ကမန်းကတန်းတောင်ပေါ်ကဆင်းပြေးရော
ယုန်ငယ်က အသံကြားတာနဲ့ မြှားပြစ်သလိုကိုပြေးတာ
တောင်အောက်မှာရှိတဲ့ ခွေးက ဆိတ်အော်သံကြားတော့ ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲကနေဖြတ်ပြီး ၀ံပုလွေရဲ့ လည်မြိုကို ခဲပစ်လိုက်တယ်။
ဝံပုလွေက နာလွန်းလို့ထအော်တယ်၊ ခွေး မာန်ဖီလိုက်တော့ လန့်ပြီးပြေးပါလေရော
အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေအားလုံး ရောက်လာတယ်။
နွားက… နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ.. ငါဂျိုနဲ့ သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့
မြင်းက… နင်ကဘာလို့ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့
မြည်းက… နင်သာငါ့ကိုပြောရင် ငါအော်သံနဲ့ကို သူလန့်ပြေးမှာ
ဝက်က… နင်ငါ့ကိုခေါ်ရောပေါ့ ငါတချက်ပက်လိုက်ရင် သူတောင်ပေါ်ကတောင်ပြုတ်ကျသွားမယ်
ယုန်ကလည်း နင်ငါ့ကိုခေါ်လိုက်ရင် ငါကအပြေးသန်တော့ သူများတွေကို သွားခေါ်ပေးနိုင်တာပေါ့တဲ့..။
အဲ့ဆူဆူညံညံ ပြောသံတွေကြားမှာ ခွေးပဲ မပါခဲ့ပါ။
***************************
မိတ်ဆွေစစ်ဆိုတာ စကားအလှတွေသုံးနေစရာမလိုပါ
တကယ့်လိုအပ်ချိန်မှာ မင်းကိုလက်လှမ်းကူညီတဲ့သူပါပဲ။🙂
မင်းနားမှာတနေကုန်ဝိုင်းဝိုင်းလည်နေတဲ့သူငယ်ချင်းတွေ ၊ မင်းကိုခင်သလိုလိုလုပ်နေတဲ့ သူငယ်ချင်းတွေက
သူငယ်ချင်းအစစ် ဟုတ်မဟုတ်မသေချာပါ။🙂
Credit : Original uploader
Friday, 26 October 2018
ကြီးပွား​အောင်​မြင်​ချင်​သလား
ကြိးပွား​အောင်​မြင်​ချင်​သလား
ငွေလိုချင်ရုံနဲ့ တော့ စီးပွားရေးမလုပ်နဲ့ 
ခဏနဲ့ ပြန်ပြုတ်သွားမယ်
အလုပ်မလုပ်ရရင် မနေနိုင်တဲ့
ရောဂါရှိမှ စီးပွားရေးလုပ်
ငွေက နောက်ကိုလိုက်လာလိမ့်မယ် ...
ငွေအရင်းအနှီး နည်းသွားလို့ 
အလုပ် မဖြစ်တာ မဟုတ်ဘူး
ဦးနှောက် ရင်းနှီးတာနည်းသွားလို့ 
အလုပ်မဖြစ်တာ
သေချာ မစဉ်းစားဘဲ
ငါးပွက်ရာပဲ ငါးစာလိုက်ချခဲ့လို့ 
အလုပ်မဖြစ်တာ ...
မြန်မာလူမျိုးမို့  ပေါင်းလုပ်လို့ မရတာ
ကွဲကြတာ မဟုတ်ဘူး
လုပ်ပိုင်ခွင့်၊ ခံစားခွင့်နဲ့ တာဝန်ယူမှုတွေကို
အစထဲက ရှင်းရှင်းလင်းလင်းမခွဲဘဲ
လုံးချခဲ့လို့  ကွဲကြတာ ...
လုပ်ငန်း ဆုံးရှုံးသွားတာ
ဝန်ထမ်းတွေ ညံ့လို့ မဟုတ်ဘူး
ပြိုင်ဘက်တွေ ညစ်လို့ မဟုတ်ဘူး
ကိုယ်စီမံခန့် ခွဲတာ လိုသွားလို့  ...
အလုပ်တွေ များလို့  မပြီးတာမဟုတ်ဘူး
အချိန် နဲ့  တာဝန် ခွဲဝေဖို့ 
စီမံခန့် ခွဲမှု မလုပ်လို့  မပြီးတာ
တစ်ယောက်ထဲ လုပ်လို့ ရတဲ့ ကိစ္စတွေကို
နှစ်ယောက် လိုက်လုပ်နေလို့ 
အလုပ်တွေ မပြီးပြီးတာ ...
အသုံးစရိတ်များလို့ 
အရှုံးပေါ်တာ မဟုတ်ဘူး
အဖြုန်းစရိတ် များသွားလို့
အရှုံးပေါ်တာ ...
လုပ်ငန်းကို သေးသေးပဲစခဲ့လို့ 
ခင်ဗျား မအောင်မြင်တာ မဟုတ်ဘူး
အိမ်မက်သေးသွားလို့  မအောင်မြင်တာ ...
လုပ်ငန်းကို ကြီးကြီးစနိုင်လို့ 
သူအောင်မြင်နေတာ မဟုတ်ဘူး
အိမ်မက်ကြီးကြီးနဲ့ စခဲ့လို့ 
သူအောင်မြင်တာ ...
အရင်းအနှီးများတဲ့သူနဲ့ 
လက်တွဲတိုင်း အောင်မြင်မှာ မဟုတ်ဘူး
ရလဒ် ထွက်အောင် လုပ်မယ့်
တာဝန်ယူမယ့်၊ တာဝန်ခံမယ့်သူနဲ့ 
ဦးစားပေး လက်တွဲမှ အောင်မြင်မှာ ...
ဝန်ထမ်းတွေရဲ့ ဘဝနဲ့ အရည်အသွေးကို
တိုးတက်အောင် မပြောင်းလဲပေးနိုင်ရင်
ကြီးကျယ်တဲ့ အလုပ်တွေကို
ဖန်တီးလို့ မရဘူး ...
မိုးထဲလေထဲရောက်ရင် ရှောင်နေတဲ့
အချောင်သမားတွေကို လက်တွဲဖြုတ်
အပြောသမားကို လက်တွဲဖြုတ်
ရလဒ် မထွက်တဲ့သူကို လက်တွဲဖြုတ်
သူများအပြစ်ပဲမြင်တတ်တဲ့သူဆို လက်တွဲဖြုတ်
Theory နဲ့  Strategy တွေပဲ ထိုင်ရွတ်နေပြီး
မြေပြင်မှာ ဝင်မကူတဲ့သူဆို လက်တွဲဖြုတ် ...
အသေးစိတ် အလုပ်တွေကို တာဝန်ခံပြီး
ကျားစီးဖားစီး လုပ်တဲ့သူကို လုပ်ပိုင်ခွင့်ပေး
အမြဲတက်ကြွနေတဲ့သူကို လက်တွဲထား
အလုပ်ကို ရူးသွပ်တဲ့လူကို ပံ့ပိုး
ဒါဆို ရလဒ်ထွက်မယ် ...
အောင်မြင်တဲ့ စွန့် ဦး ဆိုတာ
အိမ်မက် ထိုင်မက်နေတဲ့သူတွေ မဟုတ်ဘူး
မရပ်မနားကို လဲကျလိုက်
ပြန်ထလိုက် လုပ်နေတဲ့သူတွေ ...
ခင်ဗျား အလုပ် ဘယ်လောက်ရှုပ်ရှုပ်
ဘယ်သူမှ စိတ်မဝင်စားဘူး
ခင်ဗျား ရလဒ် ထွက်အောင် လုပ်ပြမှ
အားလုံးက စိတ်ဝင်စားတယ် ...
နောက်ဆုံးပြောရရင်
စီးပွားရေး လုပ်တယ် ဆိုတာ
ခင်ဗျားအကြောင်း
သူများတွေသိဖို့ ထက်
သူများတွေ အကြောင်းကိုသာ
ခင်ဗျားသိဖို့  ပိုအရေးကြီးတယ် ...
Credit to phyo ko ko Naing
Monday, 22 October 2018
ရဟန်းတော်များအနေဖြင့် မိခင်ဖခင်များကို ရှိခိုးသင့်- ရှိမခိုးသင့်
ရဟန်းတော်များအနေဖြင့် မိခင်ဖခင်များကို ရှိခိုးသင့်- ရှိမခိုးသင့်
━━━━━━━━━━━━━━━━━━━━
အရှင်ဣန္ဒာစာရ။  ။ အရှင်ဘုရား ရဟန်းတစ်ပါးသည် မိဘထက်သီလဂုဏ်အားဖြင့် မြင့်ပါ၏။ သို့သော် မိဘကား ရဟန်း၏ အသက်သခင်ကျေးဇူးရှင်ဖြစ်ပါ၏။ ထို့ကြောင့် ရဟန်းသည် မိဘ၏ဂုဏ်ကျေးဇူးကို အားရုံပြုကာ ခြေအစုံကို ရှိခိုးသော် မိဘဖြစ်သူတို့၌ အပြစ်ဖြစ်ပါသလား။ ရှိခိုးသင့် မခိုးသင့် သိချင်ပါတယ်ဘုရား။
အရှင်ဝိသာရဒ။    ။ စူဠဝါပါဠိတော်၊ သေနာသနက္ခန္ဓက၌ ရဟန်းတို့ ရှိမခိုးထိုက်သောပုဂ္ဂိုလ် ဆယ်ယောက်နှင့် ရှိခိုးထိုက်သောပုဂ္ဂိုလ် သုံးယောက်တို့ကို ဟောကြားညွှန်ပြတော်မူထားပါတယ်။
ရဟန်းတို့ ရှိမခိုးထိုက်သော ပုဂ္ဂိုလ် (၁၀) ယောက်
━━━━━━━━━━━━━━━━━━━━
ရဟန်းတို့ ရှိမခိုးထိုက်သော ပုဂ္ဂိုလ်တို့သည် ဤဆယ်ယောက်တို့တည်း။
၁။ ရှေးဦးပဉ္စင်း ဖြစ်သူသည် နောက်မှ ပဉ္စင်းဖြစ်သူကို ရှိမခိုးအပ်၊
၂။ လူ သာမဏေကို ရှိမခိုးအပ်၊
၃။ နာနာသံဝါသက အဓမ္မဝါဒီ သီတင်းကြီးကို ရှိမခိုးအပ်၊
၎။ မာတုဂါမကို ရှိမခိုးအပ်၊
၅။ ပဏ္ဍုက်ကို ရှိမခိုးအပ်၊
၆။ ပရိဝါသ်နေသော ရဟန်းကို ရှိမခိုးအပ်၊
၇။ အရင်းသို့ ငင်ထိုက်သော ရဟန်းကို ရှိမခိုးအပ်၊
၈။ မာနတ်ပေးခြင်းငှာထိုက်သော ရဟန်းကို ရှိမခိုးအပ်၊
၉။ မာနတ်ကျင့်ဆဲရဟန်းကို ရှိမခိုးအပ်၊
၁၀။ အဗ္ဘာန် သွင်းထိုက်သော ရဟန်းကို ရှိမခိုးအပ်၊
ရဟန်းတို့ ရှိမခိုးထိုက်သော ပုဂ္ဂိုလ်တို့ကား ဤဆယ်ဦးတို့တည်း။
ရဟန်းတို့ ရှိခိုးထိုက်သော ပုဂ္ဂိုလ် (၃) ယောက်
━━━━━━━━━━━━━━━━━━━━
ရဟန်းတို့ ရှိခိုးထိုက်သော ပုဂ္ဂိုလ်တို့သည် ဤသုံးဦးတို့တည်း။
၁။ နောက်မှ ပဉ္စင်းဖြစ်သော သူသည် ရှေးဦးပဉ္စင်းဖြစ်သောသူကို ရှိခိုးထိုက်၏၊
၂။ နာနာသံဝါသက ဓမ္မဝါဒီ သီတင်းကြီးကို ရှိခိုးထိုက်၏၊
၃။ ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤလူ့လောက၌ ရှေးဘုရားတို့အတူ လာတော်မူသော ပူဇော်အထူးကို ခံတော်မူ ထိုက်သော မြတ်စွာဘုရားကို ရှိခိုးထိုက်၏၊
ရဟန်းတို့ ရှိခိုးထိုက်သော ပုဂ္ဂိုလ်တို့ကား ဤသုံးဦးတို့တည်းဟု (မိန့်တော် မူ၏)။ (စူဠဝါပါဠိတော်၊ သေနာသနက္ခန္ဓက)
အထက်ပါ ညွှန်ပြတော်မူချက်ကို ထောက်ဆပါလျှင်...
- ဖခင်သည် လူဝတ်ကြောင်ဖြစ်နေမူ သားဖြစ်သော ရဟန်းတော်အနေဖြင့် ရှိမခိုးထိုက်ပါ။
- ဖခင်သည် ရဟန်းဖြစ်နေခဲ့သော်လည်း မိမိထက် သီတင်းငယ်သူ (သိက္ခာဝါတော်ငယ်သူ) ဖြစ်နေပါမူ သားဖြစ်သော ရဟန်းတော်အနေဖြင့် ရှိမခိုးထိုက်ပါ။
- ဖခင်သည် ရဟန်းလည်းဖြစ်နေခဲ့ပြီး မိမိထက် သိက္ခာဝါတော်ကြီးခဲ့မူ သားဖြစ်သော ရဟန်းတော်အနေဖြင့် ရှိခိုးထိုက်ပါသည်။
ဂရုဓမ် (၁၀)ပါး၌လာရှိသော  "ရဟန်းမသည် ပဉ္ဇင်းဖြစ်၍ ၀ါတစ်ရာရှိသော်လည်း ထိုနေ့ပဉ္ဇင်းဖြစ်သော ရဟန်းအားရှိခိုခြင်း၊ ခရီးဦး ကြိုဆိုခြင်း၊ လက်အုပ်ချီပြီးရိုသေခြင်း အမှုတို့ကို ပြုရမည်။ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူ ဇော်၍ အသက်ထက်ဆုံးမလွန်ကျူးအပ်။" ဟူသောပညတ်ချက် ကို ထောက်ဆလျှင်သော်လည်းကောင်း၊ အထက်ပါ ရှိမခိုးအပ်သူ (၁၀) ယောက်၌လာရှိသော နံပါတ် (၄) ညွှန်ပြတော်မူချက်အရသော်လည်းကောင်း ....
-မိခင်ကိုမူ ရဟန်းမပင်ဖြစ်နေခဲ့စေကာမူ သားဖြစ်သော ရဟန်းတော်အနေဖြင့် ရှိမခိုးထိုက်ဟု မှတ်သားနိုင်ပါသည်။
-----------------------------
ဗဟုသုတအလို့ငှါမင်းပူးဆရာတော် ဦးသြဘာသ၏ တေမိယဇာတ်တော်ကြီးလာ "ဝန္ဒနာကာရ၊ သက္ကာရ၊ ဂါရဝ၊ ပူဇာ တို့၏ ခြားနားချက်များ" ကိုပါ ဖော်ပြရပါသည်။ 
ဝန္ဒနာကာရ၊ သက္ကာရ၊ ဂါရဝ၊ ပူဇာ တို့၏ ခြားနားချက်များ
ရှိခိုးခြင်း ဝန္ဒနာကာရ အရာ၌ကား သီလအစရှိသောဂုဏ်တို့ဖြင့် ကြီးမြတ်သော သူသည်သာလျှင် သီလအစရှိသောဂုဏ်တို့ဖြင့် ငယ်သောသူတို့၏ ရှိခိုးခြင်းကို ခံထိုက်၏။ ကြီးသောဂုဏ်ရှင်သည် ငယ်သောဂုဏ်ရှင်အား ရှိမခိုးထိုက်။ ရှိခိုးချေသော် နှစ်ဦးလုံး အပြစ်မလွတ်။
ပညာဂုဏ် အစရှိသော ကျေးဇူးတစ်ခုခုကို အကြောင်းပြု၍လည်းကောင်း၊ နိဿယ နည်းယူသောအခါ, ပညာသင်သောအခါ အစရှိသည် တို့၌လည်းကောင်း ဖြစ်မူကား ငယ်သော်လည်း ကြီးမြတ်သောသူတို့ ရှိခိုးခံထိုက်၏။ သက္ကာရ, ဂါရဝ, ပူဇာအရာဖြစ်မူကား ပုဂ္ဂိုလ်အမြတ် အယုတ်ဟူ၍ မရွေးသင့် ထိုသူတို့၌ ရှိတိုင်းသော ကျေးဇူး အားလျော်စွာ ပြုအပ်လှတော့သည်သာဟု သိအပ်၏။
ထိုတွင် 'သက္ကာရ' ဟူသည်ကား အဘယ်နည်း၊ 'ဂါရဝ' ဟူသည်ကား အဘယ်နည်း၊ 'ပူဇာ' ဟူသည်ကား အဘယ်နည်းဟူမူ- [ယဿ စတ္တာရော ပစ္စယေ သက္ကရိတွာ သုဋ္ဌုအဘိသင်္ခတေ ပဏီတပဏီတေ ကတွာ ဒေန္တိ၊ သော သက္ကတော။ ယသ္မိံ ဂရုဘာဝံ ပဋ္ဌပေတွာ ဒေန္တိ၊ သော ဂရုကတော။ ယံ မနသာ ပိယာယန္တိ၊ သော မာနိတော။ ယဿ သဗ္ဗမ္ပေတံ ကရောန္တိ၊ သော ပူဇိတော။ ။] ဟူသော ပါရာဇိကဏ် အဋ္ဌကထာနှင့် အညီ-
-ပုဂ္ဂိုလ်အား အလေးမပြုလွန်းဘဲ ပစ္စည်းကိုသာ ကောင်းစွာ စီရင်၍ ပေးကမ်းခြင်းသည် 'သက္ကာရ' မည်၏။
-ပေးကမ်းဖွယ်ပစ္စည်းတို့ကို ကောင်းစွာစီရင်ခြင်း စသည်တို့ကို မပြုဘဲ ပုဂ္ဂိုလ်ကိုသာ အလေးအမြတ်ပြု၍ ပေးကမ်းခြင်းသည် 'ဂါရဝ' မည်၏။
-ထို သက္ကာရ, ဂါရဝ နှစ်ပါးနှင့်ပြည့်စုံစွာ ချစ်မြတ်နိုးခြင်းနှင့်တကွ ကောင်းမွန်စွာ စီရင်အပ်သော ပစ္စည်းဖြင့် ပုဂ္ဂိုလ်ကိုလည်း အလေးအမြတ်ပြု၍ ပူဇော်ချီးမြှောက်ခြင်းသည် 'ပူဇာ'မည်၏ ဟု မှတ်အပ်၏။
(မင်းပူးဆရာတော် ဦးသြဘာသ၏ တေမိယဇာတ်တော်ကြီးမှ)
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
_/|\__ /|\__ /|\_
မြတ်ဗုဒ္ဓ ၏ သာသနာ Page မှ
━━━━━━━━━━━━━━━━━━━━
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
“ထေရ၀ါဒဗုဒ္ဓဘာသာ စစ်စစ်တစ်ယောက်ဖြစ်စေဖို့
“ထေရ၀ါဒဗုဒ္ဓဘာသာ စစ်စစ်တစ်ယောက်ဖြစ်စေဖို့”
++++++++++++++++++++++
ဒီလို နိမိတ်စွဲတွေကိုတော့ ဘုရားရှင်က ကောတုဟလမင်္ဂလာနိမိတ်လို့ခေါ်ပါတယ်။
မြတ်ဗုဒ္ဓရဲ့ ဒါယကာ - ဒါယိကာမ စစ်စစ်တွေဟာ ဒါတွေကို ယုံကြည်တာ မသင့်တော်ဘူးဆိုတဲ့အကြောင်း အင်္ဂုတ္ထိုရ်ပါဠိတော်မှာ အတိလင်းဟောကြားထားခဲ့ပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာမဟုတ်ပဲ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ချင်တယ်ဆိုရင် ကမ္မဿကတာ - သမ္မာဒိဋ္ဌိ အယူတွေမှန်စေချင်ပါတယ်။ " ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။
 မကောင်းတာ လုပ်ရင်မကောင်းတာဖြစ်မယ်ပေါ့"။ 
ဒီလိုအရာတွေပေါ် မူတည်ပြီး မိမိတို့စိတ်က လိုက်ခံစားနေရင် ဗုဒ္ဓဘာသာအစစ်မှန် မဟုတ်သေးပါဘူး။
ထေရ၀ါဒ ဗုဒ္ဓဘာသာတစ်ယောက်စစ်စစ်ဖြစ်ဖို့ ဘုရားရှင်က အောက်ပါ အချက်(၅)ချက်ကိုချပြခဲ့ပါတယ်။
 မိမိတို့လည်း မှတ်ကျောက်တင်ခံနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
 ငါထေရ၀ါဒစစ်စစ်တစ်ယောက်မှ ဟုတ်ရဲ့လား။
(၁) ယုံကြည်မှုသဒ္ဓါ တရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ။
အရှင်ဇဝနဉာဏ
Sunday, 21 October 2018
ဥပုသ်​​စောင့်​ခြင်း
ဥပုသ်စောင့်တာ . .
════════
❖ ဥပုသ်စောင့်တာဟာ ဥပုသ်နေ့ဖြစ်လို့
    စောင့်တာလား... ?
    နတ်ပြည်လိုချင်လို့ စောင့်တာလား...?
    နိဗ္ဗာန်လိုချင်လို့ စောင့်တာလား...?
    ဘာရည်ရွယ်ချက်တွေ ရှိသေးလဲ...?
    တကယ်က ဥပုသ်သီလရဲ့ အကျိုးကျေးဇူးကို
    ဆင်ခြင်သုံးသပ်ပြီးတော့မှ ဥပုသ်စောင့်တာဟာ
    ပိုပြီးအနှစ်သာရ ရှိတယ်ပေါ့။
❖ ရာဂနှိမ်ရန် ဥပုသ်စောင့်မယ်၊
    ဒေါသနှိမ်ရန် ဥပုသ်စောင့်မယ်၊
    လောဘနှိမ်ရန် ဥပုသ်စောင့်မယ်၊
    မာနနှိမ်ရန် ဥပုသ်စောင့်မယ်၊
    အစရှိသည်ဖြင့်ပေါ့ . . . . . . .။
❖ ခန္တီဆိုတဲ့ သည်းခံခြင်းကို
    အကြောင်းပြုပြီး စောင့်တာပဲဖြစ်ဖြစ်
    အဆာခံပြီး စောင့်တာပဲဖြစ်ဖြစ်
    ပျော်စရာတွေကို စွန့်ခွာပြီး စောင့်တာပဲဖြစ်ဖြစ်
    ဒီအရည်အချင်းတွေဟာ
    သူတော်စင်တွေရဲ့ တကယ့်အရည်အချင်းတွေပါပဲ။
❖ မြင့်မြတ်တဲ့ အကျင့်တွေနဲ့ နေထိုင်ပြီး
    ဥပုသ်သီလ စောင့်ထိန်းခြင်းဟာ
    သူတော်စင်တွေရဲ့
    အလေ့အထတစ်ခု ဖြစ်သည့်အတွက်ကြောင့်
    ရည်ရွယ်ချက် မှန်မှန်ကန်ကန်နဲ့
    မြတ်မြတ်နိုးနိုး ထိန်းသိမ်းစောင့်ရှောက်တဲ့
    ဥပုသ်သီလဟာ မြတ်စွာဘုရားသခင်
    ကိုယ်တော်မြတ်ကြီးရဲ့ သာသနာတော်နဲ့
    ကြုံတွေ့ခိုက်
    သာသနာတွင်း ဥပုသ်ဖြစ်လို့
    သာသနာပမှာစောင့်တဲ့ ဥပုသ်သီလထက်
    မြတ်ပါတယ်။
❖ သီလရဲ့တန်ဖိုးရှိမှုကို ယုံယုံကြည်ကြည်
    လေးလေးစားစား တန်ဖိုးထားပြီး
    ကုသိုလ်တရားဖြစ်ပွါးအောင်
    ကျင့်ကြံကြိုးကုတ် ကြိုးစားအားထုတ်နိုင်ကြပါစေ။
                           ═══ ═══ ═══
ဒေါက်တာနန္ဒမာလာဘိဝံသ
(ဥပုသ်သည်တို့၏စကားဝိုင်း)မှ။
credit - မေတ္တာလွင်
★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊_/\\_ ★
❖ ဘ၀တုသဗ္ဗမင်္ဂလံ။
    ဓမ္မဒါနကုသိုလ်အဖြစ် မျှဝေပူဇော်ပါသည်။
     Win Soe
Credit မူရင်းရေးသားပူဇော်သူ
သီတင်းကျွတ်​အ​ကြောင်း
သီတင်းကျွတ်သမိုင်းကြောင်း (History of Thadingyut)
+++++++++++++++++++++++++
ဘုရားရှင်လက်ထက်တော်အခါ ဤသီတင်းကျွတ်ကာလတွင် ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်သို့ ဝါတွင်းကာလပတ်လုံး ကြွရောက်၍ တရားတော်မြတ်များ ဟောကြားချီးမြှင့်အပြီး လူ့ပြည်ဖြစ်သော “သင်္ကဿ” မြို့သို့ ရွှေစောင်းတန်း ငွေစောင်းတန်း တို့တွင် နတ်ဒေဝတာများခြံရံလျှက် ပတ္တမြားစောင်းတန်းမှ ပြန်လည်ကြွချီတော်မူခဲ့သည်။ ထိုသို့ ကြွချီလာချိန်တွင် လူ့ပြည်၌ သီတင်းကျွတ်လပြည့်နေ့ မှောင်ရီပျိုးစအချိန်ဖြစ်သောကြောင့် မြို့သူမြို့သား အပေါင်းတို့သည် ဆီမီးများထိန်ထိန် ထွန်းညှိ၍ ဗုဒ္ဓမြတ်စွာကို ကြည်ညို သက်ဝင်သောဂါရဝတရားအပြည့်ဖြင့် ဦးညွှတ်ကြိုဆိုခဲ့ကြသည်ကိုအကြောင်းပြု၍ ခေတ်အဆက် ဆက် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် သီတင်းကျွတ်မီးထွန်းပွဲတော် ကို ခမ်းနားစွာ လက်ဆင့်ကမ်းကျင်းပခဲ့ကြခြင်းဖြစ်သည်။
သီတင်းကျွတ်မတိုင်မီ ဝါတွင်းသုံးလပတ်လုံး  ရဟန်းသံဃာတို့သည် မိမိတို့ကျောင်း သင်္ခန်းတွင်သာ သီတင်းသုံးကြရပြီး သီတင်းကျွတ်လပြည့်ကျော်မှသာလျှင် အရပ်တစ်ပါးသို့ ကြွချီခွင့်ရကြသည်။ ထိုအစဉ်အလာကိုအကြောင်းပြု၍ သာမန်လူတို့ကလဲ ထိုဝါတွင်းသုံးလ အတွင်း ထိမ်းမြားမင်္ဂလာပြုခြင်းကို ရှောင်ကြဉ်ကြပြီး ဥပုသ်သီလများဆောက်တည်ကြကာ ဝါကျွတ်ချိန်မှသာလျှင်ထိမ်းမြားလက်ထပ်ခြင်းအမှုကို ပြုကြလေသည်။
ရှေးအခါက သီတင်းကျွတ်လကို သန္တူလ (သန်တူလ) ဟုရှေးမြန်မာကျောက် စာများတွင်ခေါ်ဝေါ်ကြောင်းတွေ့ရှိရသည်။ သန်=စပါးပင်, တူ=ထူ ဟုအဓိပ္ပာယ်ရသောကြောင့် အနက်ဆိုသော် စပါးပင်များ ထူထူထောင်ထောင်ပေါက်သော လလည်း ဖြစ်သဖြင့် သီတင်း ကျွတ်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲ၊ အလှူအတန်းများနှင့် အတူကျင်းပကြသည်။
ရှေးမြန်မာမင်းများလက်ထက်တော်အခါ သီတင်းကျွတ်ကာလတွင် ဘုရင်နှင့်မိဖုရား တို့အား ပူဇော်ကန်တော့သည့်ပွဲများကို နန်းတွင်း နန်းပြင်တို့၌ ကျင်းပခဲ့ကြသည်။ သီတင်း ကျွတ်လပြည့်နေ့၌ ဘုရင် မိဖုရားနှင့်တကွ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတို့ အားလုံး ရှစ်ပါးသီလကို ဆောက်တည်ကာ ကောင်းမှုကုသိုလ်များအတူတကွပြုကြသည်။
ခေတ်အဆက်ဆက် ဝါလကင်းလွတ် သီတင်းကျွတ်ချိန်ခါ ရောက်တိုင်း မြန်မာလူမျိုး တို့သည် စေတီပုထိုးများနှင့် ဆရာတော်ကြီးများသီတင်းသုံးရာ ကျောင်းသင်္ခမ်းများသို့သွား ရောက်၍ ပန်း၊ ဆီမီး၊ လှူဖွယ်ဝတ္ထုအစုစုတို့ကိုပူဇော်ကန်တော့ကြသည်။ မိမိတို့ နေရပ် သို့မဟုတ် လူကြီးမိဘ ဘိုးဘွားများရှိရာသို့ပြန်၍ မိမိထက်သက်ကြီးဝါကြီးသူတို့ကို ငယ်သူတို့က ရှိခိုးဂါရဝပြုကန်တော့ကြသည်မှာလည်း မွန်မြတ်သော ထုံးတမ်းအစဉ်အလာတစ်ခုပင်ဖြစ်သည်။
သီတင်းကျွတ်အချိန်အခါတွင် မီးထွန်းပွဲများသာမက မြတ်စွာဘုရား၏ အဘိဓမ္မာ တရားတော် ဖြစ်သော “ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲ” နှင့် ရဟန်းတော်အချင်းချင်း အပြစ်မမြင်စေကြဘဲ ညီညွှတ်စွာ နေထိုင်ခြင်းကိုရှေးရှုသော ရဟန်း တစ်ပါးနှင့်တစ်ပါး ဖိတ်ကြားခြင်း၊တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း အစရှိသော သာသနာတော်သန့်ရှင်း တိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် “ပဝါရဏာပွဲ” များကိုလဲကျင်းပကြသေးသည်။
ယခုခေတ်သီတင်းကျွတ်ကာလတွင် ဆီမီးပူဇော်ပွဲ၊ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲ၊ ပဝါရဏာပွဲ များသာမက ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီးပူဇော်ပွဲများ နှင့် ဆရာကန်တော့ပွဲများပါ ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာကျင်းပကြလေသည်။
မည်သို့ပင်ဆိုစေကာမူ သီတင်းကျွတ်ကာလသည် ရိုသေသမှု ဂါရဝတရားတို့နှင့်ပြည့်နှက်၍ ၁၂ လရာသီတွင် အစည်ကားဆုံး လတစ်လဖြစ်သည်ဆိုသည်ကတော့ ငြင်း၍ရမည်မထင်။
          လိုတရအားပေးသူ ပရိသတ်တို့လဲ ကျန်းမာချမ်းသာစွာဖြင့် သီတင်းကျွတ်ပွဲတော်ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကြောင်းဆုမွန်တောင်းလျက်။
Credit - လိုတရ
အရှင်ဇဝနဉာဏ အရှင်ဇဝနဉာဏ
အသင်းအဖွဲ့ ပျက်စီးကြောင်း တရား ၆ ပါး
အသင်းအဖွဲ့ ပျက်စီးကြောင်း တရား ၆ ပါး
……………………………………………………
ထီ နာယကာ ဝိနဿန္တိ    နဿန္တိ ဗဟု နာယကာ
အ နာယကာ ဝိနဿန္တိ    ....
တာဝန်မသိ သတိမထား လုပ်အားမပေး စည်းဝေးမလာ ဘေးမှာပြစ်ပြော
သဘောမမှန် ဤခြောက်တန် မှတ်ရန် သင်းပျက်ကြောင်းတည်း။