#ကထိန်
____________
ကထိန် ဆိုတာ ``ကထိန´´ ဆိုတဲ့ ပါဠိစကားက လာတယ် ဖြစ်တယ်။
"ကထီယတေ သိလာဃိယတေ ဗုဒ္ဓါဒီဟီတိ ကထိနံ"
"ရဟန်းတော်များအား အချို့သော အာပတ်မသင့် ရောက်အောင် ပြုလုပ်ပေးတတ်သော ၊ ဘုရား အစရှိသော သူတော်ကောင်းတို့ ချီးမွမ်းအပ်သော အမှု ဖြစ်သောကြောင့် ကထိန် မည်ပါ၏။"
#ကထိန်ဖြစ်ပေါ်လာပုံကတော့ ...
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတုန်းက ဖြစ်တယ်။
ဓုတင်ဆောင် ဘဒ္ဓညီနောင် သုံးကျိပ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမြင်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကို လာရင်း ဝါတွင်းလ ရောက်လာလို့ မမှီတော့ပဲ သာဝတ္ထိနဲ့ ယူဇနာ ခြောက်ဆယ်ဝေးတဲ့ သာကေတမြို့မှာပဲ ဝါဆို လိုက်ကြရပါတယ်။
ရဟန်းညီနောင် သုံးကျိပ်ဟာ မြတ်စွာဘုရားရှင်ကို မဖူးမျှော် ရသေးလို့ စိတ်နှလုံး မချမ်းမမြေ့ ဖြစ်နေကြပါတယ်။
ဒီလိုနဲ့ ဝါကျွတ်တဲ့အခါ ဘုရားရှင်အား ဖူးမျှော်ဖို့ သာဝတ္ထိပြည်ကို ဆက်လက်ကြွလာခဲ့တယ်။
လမ်းမှာ မိုးတွေက ကြီးတော့ တိစီဝရိတ်ဓုတင် ဆောင်ထားတဲ့ သူတို့ရဲ့ သင်္ကန်းတွေဟာ မိုးရေနဲ့ရွှဲနစ် နေကြပါတယ်။
မြတ်စွာဘုရားရှင်ကို ဖူးမြင်ရတဲ့အခါ ဘုရားရှင်က ဝါတွင်းကာလ ချမ်းချမ်းသာသာ နေရပါသလား လို့ မေးတဲ့အခါ သူတို့ရဲ့ အဖြစ်ကိုလျှောက်ကြပါတယ်။
ရဟန်းတော်တွေရဲ့အခက်ခဲကို ဘုရားရှင်သိတဲ့အခါ `ထိုညီနောင်သုံးကျိပ်ကို အကြောင်းပြုပြီး´ ကထိန်သင်္ကန်းကို ဘုရားရှင်ခွင့်ပြုခဲ့ပါတယ်။
#ကထိန်ခင်းရာကာလကတော့ {သီတင်းကျွတ်လပြည့်နေ့မှ တန်ဆောင်းမုန်းလပြည့်နေ့ တစ်လအတွင်းသာ} ဖြစ်ပါတယ် ။
#ကထိန်ရထိုက်တဲ့_ရဟန်းတော်တွေကတော့ ...
ပုရိမဝါလို့ ခေါ်တဲ့ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့ ကစလို့ သီတင်းကျွတ် လပြည့်နေ့အထိ ဝါဆိုတဲ့ရဟန်း၊ ဝါဆိုစဉ်အတွင်း ဝါမကျိုးတဲ့ ရဟန်းများပဲ ရပါတယ်။
ပစ္ဆိမဝါ လို့ခေါ်တဲ့ #ဝါခေါင်လမှဝါဆိုတဲ့_ရဟန်းများ ကထိန် မယူရပါဘူး။ #ဝါကျိုးတယ် ဆိုတာကတော့ ဝါတွင်းသုံးလ ဝါဆိုနေစဉ်အတွင်း ဝါမပန်ကြားပဲ မိမိကျောင်းအပြင်မှာ ညည့်အိပ်ညည့်နေ နေတဲ့ ရဟန်းတော်တွေပါပဲ။
#ဝါပန်ရန်ကာလကလည်း ၇-ရက်သာ ပန်လို့ ရပါတယ်။ ၇-ရက်ကျော်ရင်လည်း ဝါကျိုးပါတယ်။ ထိုရဟန်း ကထိန် ယူလို့ မရပါဘူး။
#ကထိန်အာနိသင်ရတဲ့ရဟန်းဟာ ဝိနည်းအချို့က ကင်းလွတ်ခွင့်ရတဲ့ အခွင့်ရေးရပါတယ်။
(၁) အနာမန္တစာရ ....။
ဆွမ်းစာပင့်ထားတဲ့ အိမ်ကို လက်ခံပြီး ထိုအိမ်ကို အရင်မသွားပဲ တခြားအိမ်သွားတဲ့အခါ တခြား ထင်ရှားရှိသော ရဟန်းကို ပန်ကြားပြီး သွားရပါတယ်။ ပန်ကြားပြီး မသွာရင် ပါစိတ်အာပတ်သင့်တယ်။ ကထိန်အာနိသင်ရထားတဲ ရဟန်းဟာ အဲဒီအာပတ်က ကင်းလွတ်ခွင့်ရတယ်။
(၂) အသမာဒါန စာရ......။
တိစီဝရိတ် အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းနဲ့ ညည့်ကင်းပြီး မနေရပါဘူး။ နေရင် နိသဂ္ဂိပါစိတ် အာပတ်သင့်တယ်။ ဒီအာပတ်လည်း ကင်းလွတ်ခွင့်ရတယ်။
(၃) ဂဏဘောဇန.....။
ထမင်းစားကြွပါ။ မုန့်စားကြွပါလို့ လူတွေက မအပ်စပ်တဲ့ အသုံးအနှုန်းနဲ့ ပင့်ရင် လက်ခံလို့ မရပါဘူး။ လက်ခံရင် ပါစိတ် အာပတ်သင့်တယ်။ ကထိန်အာနိသင်ရရင် လက်ခံလို့ ရတယ်။ အာပတ်မသင့်ဘူ။
(၄) ယာဝဒတ္တစီဝရ.... ။
ရဟန်းတော်မှာ သင်္ကန်းအသစ်တစ်စုံရရင် ဆယ်ရက် အတွင်း အဓိဋ္ဌာန် တင်ရပါတယ်။ မတင်ရင် နိသဂ္ဂိပါစိတ် အာပတ်သင့်တယ်။ ဒီအာပတ်လည်း ကင်းလွတ်ခွင့် ရတယ်။
(၅) ယော စ တတ္ထစီဝရုပ္ပါဒ..... ။
ကျောင်းတိုက်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ သံဃိက အလှုကို ခံယူနိုင်တယ်။ ကထိန်မရရင် မခံယူနိင်ဘူး။ အဲဒီအကျိုးလည်း ရတယ်။
#ကထိန်အာနိသင်ရတဲ့_ကာလက #အကန့်သတ်ရှိပါတယ်။ {သတီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တပေါင်းလပြည့်နေ့အထိပဲ } ဖြစ်ပါတယ်။
#ကထိန်အလှုဟာ_တစ်ခြားအလှုတွေနဲ့_မတူပါဘူး။ ကထိန်ရဖို့အတွက် ရဟန်းဟာ မတောင်း ကောင်းပါဘူး။ အရိပ်အခြေနေတောင် မပြောကောင်းပါဘူး။
သာမာန်ဆိုရင် ရဟန်းတွေမှာ မိဘ၊ ဆွေမျိုး ၊ပစ္စည်းလေးပါး ဖိတ်ထားသူတွေမှာ တောင်း, ကောင်းပါတယ်။
#ကထိန်ကိုတော့_မိဘဆီမှာတောင် မတောင်းကောင်းပါဘူး။ { သူ့အလိုလို #သဒ္ဓါတရားကြောင့် ဖြစ်လာတဲ့ သင်္ကန်းကိုပဲ ကထိန်သင်္ကန်းအဖြစ် } ယူခွင့် ရှိပါတယ်။
ဖြစ်တည်လာတဲ့ သင်္ကန်းကိုလည်း ပုဂ္ဂိက အဖြစ် ယူခွင့် မရှိပါဘူး။
သင်္ကန်းရှားပါးမှု့ကြောင့် ခွင့်ပြုခဲ့တဲ့ ကထိန်ုဖြစ်တဲ့အတွက် ကျောင်းတိုက်ထဲက သင်္ကန်း #ရှားပါးဆုံးသူကိုသာ ကထိန်သင်္ကန်း ပေးရပါတယ်။
လူတွေဘက်ကလည်း ကထိန်ကို ပုဂ္ဂိက လှူ ခွင့် မရှိပါဘူး။ သံဃာကိုသာ လှူ ရပါတယ်။
လူတွေက ကထိန်သင်္ကန်းလှုတဲ့အခါ သင်္ကန်းကို ကိုင်ပြီး ``ဣမံ သပရိဝါရံ ကထိနစီဝရံ ကထိနတ္ထာယ သံဃဿ ဒေမ´´ ဆိုပြီး ဘုန်းကြီးလက်ထဲ ကပ်ရပါတယ်။
ရဟန်းတော်တွေက ကပ်လာတဲ့ သင်္ကန်းတွေထဲက သင်းပိုင် ၊ ကိုယ်ရုံသင်္ကန်း၊ နှစ်ထပ် သင်္ကန်း စတဲ့ တစ်ခုခုနဲ့ သာခင်းရပါတယ်။ သုံးခုလုံးနဲ့ မခင်းရပါဘူး။
အဲဒီရလာတဲ့သင်္ကန်းကို သင်္ကန်းအဆင်းရဲဆုံးရဟန်းကို သိမ်ထဲမှာ သံဃာနဲ့ ဉာတ်ထားပြီး ပေးရပါတယ်။
ကထိန်သင်္ကန်းရသွားတဲ့ရဟန်းက သာခင်းပါတယ်။ ခင်းတယ်ဆိုတာ နှစ်ထပ်သင်္ကန်းနှင့် ခင်းမည်ဆိုလျှင် ``ဣမာယ သံဃာဋိယာ ကထိနံ အတ္ထရာမိ´´ ဆိုပြီး ခင်းပါတယ်။
ခင်းပြီးတဲ့နောက်မှာ ကထိန်ခင်းတဲ့ ရဟန်းက ဝါကြီးဖြစ်ခဲ့သော် ``အတ္ထတံ အာဝုသော သံဃဿ ကထိနံ ၊ဓမ္မိကော ကထိနတ္ထာရော အနုမောဒထ´´ဆိုပြီး သံဃာတော်တို့အား အနုမောဒနာ ပြုဖို့တိုက်တွန်းရပါတယ်။
အဲဒီအခါ ကျန်သံဃာတွေက ``အတ္ထတံ ဘန္တေံဃဿ ကထိနံ ၊ဓမ္မိကော ကထိနတ္ထာရော အနုမောဒါမ´´ လို့ဆိုပြီး အနုမောဒနာပြုကြပါတယ်။ အဲဒီအခါကျန်တဲ့ ရဟန်းတွေလည်း ကထိန်အာနိသင် ရပါတော့တယ်။
ဒါကိုပဲ ကထိန်ခင်းတယ်လို့ ပြောကြတာပါ။
လူတွေဘက်ကလည်း အင်မတန် အကျိုးကြီးတဲ့ ကုသိုလ်ပါ။
မြတ်စွာဘုရားရဲ့ ဝိနည်းတော်ကို တခြားဘယ်အာဏာ နဲ့မှ မပယ်ရှားနိုင်ပါဘူး။ ဒီကထိန်တစ်ခုသာ ဖယ်ရှားနိုင်တာပါ။
#ဒါကြောင့်_လူတွေအနေနဲ့ ရဟန်းတော်တို့ရဲ့ သီလ ကိုလည်း ထောက်ပံ့ရာရောက်တဲ့ အလှုပါ။ သက်ရောက်မဲ့အာပတ်က ကင်းလွတ်ခွင့်ရအောင် ကူညီခွင့်ရနေလို မိမိတို့လည်း အချုပ်အနှောင် အပြစ်တစ်စုံတရာ ဖြစ်ပေါ်ခဲ့ရင် ကင်းလွတ်ခွင့် ရနိုင်ပါတယ်။
ဒါ့အပြင် ကထိန်ဆိုတာ ကာလဆိုတဲ့ တစ်လအတွင်းပဲ လှုခွင့်ရတာပါ။ တခြားလတွေမှာ ကထိန်ခင်းချင်ရင်လဲ မရတော့ပါဘူး။
ဒါကြောင့်ကာလဒါနလည်း ဖြစ်နေပါတယ်။
ဒီအကျိုးကြောင့် မိမိတို့ အလိုရှိတဲ့အချိန်မှာ အလိုရှိတဲ့အရာလည်း ပြည့်စုံပါတယ်။
#သင်္ကန်းလှုခဲ့ဖူးလို့_တစ်ချိန်ချိန် မြတ်စွာဘုရား ပွင့်တော်မူတာနဲ့ ကြုံခဲ့ရင် ဧဟိဘိက္ခု ရဟန်းအဖြစ်လည်း ရနိုင်ပါသေးတယ်။
#သင်္ကန်းမလှုဖူးရင်တော့_အဲဒီလိုရဟန်းမဖြစ်နိုင်ပါဘူး။
____________________
#ကထိန်ဖြစ်ပေါ်လာရခြင်းရဲ့ဇာတ်ဆောင်တွေဖြစ်တဲ့ ဘဒ္ဒဝဂ္ဂီတို့ရဲ့အကြောင်းလေးနဲ့ နိဂုံးချုပ်ပါမယ်။
ဘုရားရှင်ဟာ ဥရုဝေလတောထဲကို တစ်ပါးတည်း ကြွလာပြီး သစ်တစ်ပင်းရင်းအောက်မှာ သီတင်း သုံးနေပါတယ်။
အဲဒီတာထဲကို ရုပ်ဆင်းအင်္ဂါလှပြီး စိတ်နေစိတ်ထားလည်း ကောင်းတဲ့ ဘဒ္ဒဝဂ္ဂီ မင်းသားညီနောင်သုံးကျိပ်ဟာ မယားကိုယ်စီနဲ့ ပျော်ပါးဖို့ ရောက်လာကြတယ်။
သူတို့ အထဲမှာ မင်းသားတစ်ယောက်က မိန်းမမရှိပါဘူး။ ဒါကြောင့် ပြည့်တန်ဆာမ တစ်ယောက်ခေါ်လာပါတယ်။ ထိုပြည့်တန်ဆာမက မင်းသားတို့ရဲ့ ပစ္စည်းဥစ္စာတွေယူပြီး ထွက်ပြေးပါတယ်။
မင်းသားတို့ဟာ တောထဲမှာ လိုက်ရှာကြတဲ့အခါ သစ်ပင်ရင်းမှာ သီတင်းသုံးနေတဲ့ ဘုရားရှင်ကို တွေ့တော့ ``မြတ်စွာဘုရား မိန်းမတစ်ယောက်ကို တွေ့မိပါသလား ဘုရားဆိုပြီး ´´မေးပါတယ်။
မြတ်စွာဘုရားရှင်က ...
``မင်းသားတို့...သင်တို့သည် မိန်းမတစ်ယောက်ကို ရှာခြင်းထက် မိမိကိုယ်ကို ရှာခြင်းက ဘယ်ဟာမြတ်သနည်း´´
``တပည့်တော်တို့ မိမိကိုယ်ကို ရှာခြင်းက ပိုမြတ်ပါသည်ဘုရား´´
အပြစ်ကင်းတဲ့နေရာမှာ ကိုယ်စီထိုင်ရင်း ဘုရားရှင်ကို ဖူးကြပါတယ်။
ဘုရားရှင်က မင်းသားအပေါင်းကို ဒါနကထာ၊သီလကထာ၊ သဂ္ဂကထာ ၊ မဂ္ဂကထာ အစဉ်တိုင်းဟောပြီး မင်းသားအပေါင်း စိတ်ထား နူးညံ့လာချိန်မှာတော့ သမုက္ကံသိက ဓမ္မဒေနာ သစ္စာလေးပါးကို ဟောပြောတော့ သောတာပန်၊သကဒါဂါမ်၊အနာဂါမ် ။ အသီးသီး တည်ကြလေတယ်။
အရိယာအဖြစ်ရောက်ခဲ့ကြတဲ့ မင်းသားအပေါင်းဟာ ``ဘုန်းတော်ကြီးသောမြတ်စွာဘုရား တပည့်တော်တို့အား ရဟန်းအဖြစ်ကို ပေးသနားတော်မူပါလို့ ´´တောင်းပန်ကြတော့...
``ဧထ ဘိက္ခဝေါ..ရဟန်းတို့ လာကြလော့။ မြတ်သောအကျင့်ကို ကျင့်ကြလော့´´ လို့
ဘုရားရှင်က ရွှေလက်တော်ကို ဆန့်တန်းလိုက်တဲ့အခါ မင်းသားအပေါင်းဟာ လူ့အသွင်ပျောက်ပြီး ဝါတော်ခြောက်ဆယ်ရ မထေရ်ကြီးသို့ ရဟန်းအသွင် တည်လေပါတော့တယ်။
ကိုယ့်ကိုယ်ကို ရှာကြရအောင်။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
🙏🙏🙏
ပြန်လည်မျှဝေပါသည်။
🙏ဓမ္မမိတ်ဆွေများ ကောင်းကျိုး တရား တိုးပွားကြပါစေ🙏
Share& Save & Copy.
No comments:
Post a Comment