Tuesday, 18 December 2018

သာသနုပြုခြင်း ၂ မျိုး

သာသနာပြုနှစ်မျိုး

သာသနာပြုလုပ်ငန်းသည်ကား …

၁ ။ ကိုယ်တွင်း၌ တည်စေသော သာသနာပြုလုပ်ငန်းက တစ်မျိုး

၂ ။ ကိုယ်ပ၌ တည်စေသော သာသနာပြုလုပ်ငန်းကတစ်မျိုး

ဤသို့လျှင် နှစ်မျိုးနှစ်စား ကွဲပြားခြားနားနေချေ၏

ထိုနှစ်မျိုးတို့တွင်

၁ ။**  ကိုယ်တွင်းတည် သာသနာပြုလုပ်ငန်းသည် ဘုရားဟောထား ကျင့်စဉ်များကို ကျက် ကျင့် သိတို့ဖြင့် ကိန်းတည်စေခြင်းပင်တည်း
သို့မဟုတ် …

* ဘုရားရှင်သိစေလိုသော လောက၏ သဘောသဘာဝများကိုလည်းကောင်း လောက၏ပြင်ပရှိ သဘောသဘာဝများကိုလည်းကောင်း ဘုရားဟောထား တရားစကားတော်များအတွင်း သတိဉာဏ်သွင်းပေးလျက်က ထက်ဝန်းကျင် နှံ့စပ်စွာ(ကျမ်းရိုးတစ်လျှောက် ပေါက်ရောက်စွာ) လေ့ကျက်ခြင်း ပရိယတ္တိသာသနာ

* တစ်ဖန် ဘုရားဟောထား ထိုတရားတော်များကို အစကပြန် တစ်ဖန်ထပ် ကိုယ့်ခန္ဓာအသိ သတိကပ်လျက်က ကျင့်ကြံခြင်း အစွဲသိကို ခြေရာခံ မှတ်သိကတစ်ဖန် ပြန်လှန်ကာ မေးခွန်းထုတ်သည့်အလား ဖြည့်ကျင့်မှတ်သားခြင်း စူးစမ်းလေ့လာခြင်း သုံးသပ်ဆင်ခြင်ခြင်း ပဋိပတ္တိသာသနာ

* တစ်ဖန် သတိခေါ် မှတ်သိစိတ်၏ စေ့စပ်အာူးစူးစိုက်အား တို့ဖြင့် ခန္ဓာ၏ အတွင်းသားဆိုက် သူ့လှုပ်ရှားမှုကို လိုက်လျက်က နှိုက်ပေးထားသည့်အတိုင်း ဤကားဤလို ထိုကားထိုသို့ဟူ၍  အရှိကို အရှိအတိုင်း  တန်ပြန်ထိမိ ထိုးထွင်းသိ သိခြင်း ပဋိဝေဒသာသနာ ထိုသုံးဖြာတို့  ကိန်းတည်စေခြင်းပင်တည်း

၂ ။**  ကိုယ်ပသာသနာပြုလုပ်ငန်းသည်ကား မိမိ၌မဆံ့တော့၍  ဘေးရှိ ဝေနေယျတို့သို့ ဖြန့်ဝေလျက်က ထပ်ဆင့် ကိန်းတည်စေခြင်းပင်တည်း
သို့မဟုတ် …

သဒ္ဓါအားကို ရင်းစားထားလျက်က ဗိုလ်ငါးပါး ဈာန်ငါးပါး ဗောဇ္ဈဉ်ခုနှစ်ပါး ဣနြေ္ဒများဖြင့် ပွားထုံထားသော ဓမ္မဓာတ်အားကြီး ဖွံ့ဖြိုးတိုးတက်လာလေသောအခါ သူတစ်ပါးတို့အားလည်း မိမိကဲ့သို့ သိစေလို ရှိစေလိုသော သဒ္ဓါဆန္ဒအား တဖွားဖွား ပေါ်ထွန်းလာစေ၏

ထိုသဒ္ဓါအား ဆန္ဒအားများဖြင့် တွန်းအားပေးခြင်း မိမိအား ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပင့်မြှောက်ကူထားသူများကို တုံ့လှည့်တစ်ဖန် ပြန်လှန်ကျေးဇူးဆပ်လိုခြင်းများဖြင့် တွန်းအားပေးခြင်းပင်တည်း

ဆိုလိုသည်မှာ …
ကိုယ်တိုင်သိကို ကိုယ်ပိုင်ရှိသို့အထိ ဆိုက်စေသော ဖြည့်ကျင့်ခြင်းဖြင့် ကိုယ်တွင်းသာသနာ ထူထောင်ပြီးမှသာ သူတစ်ပါးသာသနာ အထောက်အကူစု ပြုပေးခြင်းတည်း

ဤ၌ အဓိကဦးစားပေးသည် ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိရန်ပင် သို့မဟုတ် ကိုယ့်စကား ကိုယ်နားထောင်ရန်ပင်
ကိုယ့်စကား ကိုယ်ကိုယ်တိုင်ကမှ နားမထောင်ပါဘဲလျက်က တစ်ဖက်သား နားထောင်ခိုင်းရခြင်းသည် အလွန် မလွယ်ကူသော အလုပ်မျိုးတည်း

သို့ကြောင့် သာသနာပြု ဝန်ထမ်းတို့အတွက် ဥပဒေသကား …
က ။ ကိုယ့်စကား ကိုယ်နားထောင်ပါ (ပြောသလိုလုပ်၍ လုပ်သလိုသာပြောပါ)
ခ ။ ပြီးမှ ကိုယ့်စကား အများနားထောင်လာရန် ကြိုးစားပါ ဟူ၏ …

ဤ၌ (က) ဦးစားပေးသော သာသနာပြု လုပ်ငန်းကြီး အောင်မြင်လျှင်
အမှတ် (ခ) သာသနာပြုလုပ်ငန်းသည်လည်း အပြီးအစီး အောင်မြင်ပြီသာ မှတ်ယူပါလေ … ။

                     *     *     *     *     *

                 မဟာဗောဓိမြိုင်ဆရာတော်

No comments:

Post a Comment